International News

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ရာ၌ ကင်ညာကို ကူညီရန်အတွက် ယူအေအီး၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း

Last Updated:

ကင်ညာနိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi မှ စတင်ခဲ့သည့် ယူအေအီးနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလက အဘူဒါဘီတွင်ကျင်းပပြူလုပ်ခဲ့သည့် WTO ၏ ၁၃ ကြိမ်မြောက်ဝန်ကြီးများညီလာခံအတွင်း နောက်ဆုံးဝင်ရောက်ခွင့်ရရှိသည့် နိုင်ငံဖြစ်ကြောင်း စီးပွား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

Dr. Al Zeyoudi က ကုန်သွယ်မှုအတွက် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သောကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးကို မောင်းနှင်ရန်အတွက် ၎င်း၏အင်အားကိုအသုံးချမည့် ယူအေအီးနိုင်ငံ၏ ကတိကဝတ်ကို အလေးပေးဖော်ပြလျက်ရှိကြောင်း၊ မကြာသေးမီနှစ်များအတွင်းက ၎င်းတို့၏ကုန်သွယ်မှုဆက်ဆံရေးကို လျင်မြန်စွာချဲ့ထွင်နိုင်လာသည်နှင့်အမျှ ရှုပ်ထွေးသောကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု ကမ္ဘာတွင် ကျယ်ပြန့်သောအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကိုဖော်ထုတ်နိုင်ခဲ့ကြောင်း ကင်ညာနိုင်ငံ၏ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်ရေးအရာရှိများအတွက် ကုန်သွယ်မှုအဆင့်အတန်းထဲတွင် အကောင်းဆုံးကျွမ်းကျင်မှုများမှတစ်ဆင့်အကျိုးရရှိခံစားနိုင်စေရန်၊ ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုကောင်းမွန်စွာပေါင်းစည်းနိုင်စေရန်၊ ကင်ညာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်နှင့် ကင်ညာနိုင်ငံသားများ အတွက် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည့် ကင်ညာနိုင်ငံ၏စာရင်းပါဝင်ခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ကုန်သွယ်ရေးအရာရှိများ၊ စေ့စပ်ညှိနှိုင်းသူများနှင့် မူဝါဒချမှတ်သူများမှ ရှုပ်ထွေးပြီး မြင့်မားသော နည်းပညာပိုင်းဆိုင်ရာ ကုန်သွယ်မှုသဘောတူညီချက်များအား ညှိနှိုင်းရန် လိုအပ်သော နည်းပညာပိုင်းဆိုင်ရာစွမ်းရည်နှင့်ကျွမ်းကျင်မှုများကို တည်ဆောက်ရာတွင်ကူညီရန်အတွက် အွန်လိုင်းကိရိယာအစုံအလင်ကို ပံ့ပိုးပေးသည့် ကုန်သွယ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလမ်း‌ကြောင်းတစ်ခု ဖြစ်ပါသည်။

အရင်းအမြစ်များနှင့် နည်းပညာကျွမ်းကျင်မှုနည်းပါးခြင်းသည် ကမ္ဘာ့စီးပွားရေးတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်မှ အမှန်တကယ်အကျိုးအမြတ်ရရှိရန် နိုင်ငံများစွာအတွက် အဓိကအတားအဆီးတစ်ရပ်ဖြစ်သည်ဟု ယူဆကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများထံမှ အကြောင်းအရာများ၏ ပုံရိပ်ယောင်စာကြည့်တိုက်(virtual library)ပါရှိပြီး အကောက်ခွန်နှင့် ကုန်သွယ်မှုပံ့ပိုးကူညီမှု၊ မူရင်းစည်းမျဉ်းများ၊ ကုန်သွယ်မှုဝန်ဆောင်မှုများ၊ IP အခွင့်အရေးများနှင့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာများအပါအဝင် အဓိကကျသော အခန်းကဏ္ဍများအားလုံးကို လွှမ်းခြုံထားသည့် ကိုယ်ပိုင်သင်ကြားရေး(Self-learning)အရင်းအမြစ်များ ပါ၀င်ပါသည်။

အဆိုပါပလပ်ဖောင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံမှအရာရှိများအတွက် ကုန်သွယ်မှုမူဝါဒကိုရေးဆွဲရန်နှင့် ကုန်သွယ်မှုသဘောတူညီချက်များညှိနှိုင်းဆောင်ရွက်ရာတွင် အသုံးချရေးဆွဲနိုင်ရန်အတွက် အမြဲတမ်းရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါလမ်းကြောင်းတွင် ကင်ညာနိုင်ငံ၏စာရင်းပါဝင်မှုသည် နှစ်နိုင်ငံကြားတွင်ကြီးထွားလာနေသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို ထင်ဟပ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံရေနံမဟုတ်သော ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၆.၄ % တိုးတက်လာခဲ့ပါသည်။ ကင်ညာသည် အာဖရိကတွင် အလားအလာအရှိဆုံးသော စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အမှန်တကယ် GDP တိုးတက်မှုနှုန်း ၅ % နှင့် ၂၀၂၄ ခုနှစ်တွင် ၄.၅ % မှ ၅.၂ % အထိတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။

ကင်ညာနိုင်ငံသည် WTO အဖွဲ့ဝင်နိုင်ငံများ၏ နှစ်ပတ်လည်ညီလာခံအတွင်း အဆိုပါလမ်းကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရန် ဖိတ်ကြားခံရသည့် အခြားနိုင်ငံရှစ်နိုင်ငံနှင့်အတူ အဆိုပါလမ်းကြောင်းကို ကိုးနိုင်ငံမြောက်အဖြစ် အသုံးပြုခွင့်ရသည့်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါသည်။ အဆိုပါရှစ်နိုင်ငံတို့မှာ အီသီယိုးပီးယား၊ မိုဇမ်ဘစ်၊ အန်တီဂွါနှင့် ဘာဘူဒါ၊ အဇာဘိုင်ဂျန်၊ ဥဇဘက် ကစ္စတန်၊ ကိုမိုရို၊ ကာဂျစ္စတန်နှင့် ဘာဘေးဒိုးစ်တို့ဖြစ်ကြပါသည်။

Source: Emirates News Agency

Date:  20.3.2024

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News