International News

ယူအေအီးနိုင်ငံတွင် ခရီးသွားလျှင် ရွှေမည်မျှသယ်ဆောင်ခွင့်ပြုသင့်သနည်း

Last Updated:

ရွှေကိုင်ဆောင်ခြင်းအတွက် စံသတ်မှတ်ချက်တစ်ခုသတ်မှတ်ခြင်းသည် ရွှေမြို့တော်သို့လာရောက်သည့် သန်းနှင့်ချီသောခရီးသွားများကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံများမှခရီးသွားများသည် လက်ဆွဲအိတ်ထဲတွင် ရွှေနှင့် လက်ဝတ်ရတနာများ သယ်ဆောင်ရန် စံသတ်မှတ်ထားသောစည်းမျဉ်းများကို သဘောတူနိုင်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ရွှေကောင်စီ(WCG)သည် ယူအေအီးရှိ ၎င်းတို့၏ လုပ်ငန်းမိတ်ဖက်များနှင့်အတူ ယင်းကိစ္စနှင့်ပတ်သက်၍ဆွေးနွေးမှုများကို စတင်လုပ်ဆောင်လျက်ရှိပါသည်။

ခရီးသည်များသည် ရွှေချောင်းများ၊ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများကို လက်ဆွဲသယ်ဆောင်(Hand-Carry) နိုင်ရန် နိုင်ငံအသီးသီးတွင် မတူညီသောစည်းမျဉ်းများရှိပါသည်။ အချို့နိုင်ငံများက နိုင်ငံအတွင်းမှ ခရီးသွားများထွက်ခွာချိန် သို့မဟုတ် ဝင်ရောက်သည့်အခါ ပါရှိသည့်ရွှေထည်ပစ္စည်းများအား ချိန်ဆပြီး ငွေကြေးပမာဏကန့်သတ်ချက်များ ချမှတ်ထားပါသည်။ သတ်မှတ်ထားသည့် အဖိုးတန်သတ္တုပမာဏထက်ပိုလျှံနေသည့် ခရီးသွားများအနေဖြင့် အကောက်ခွန်ကြေညာရန် လိုအပ်ပါသည်။

ကမ္ဘာ့ရွှေကောင်စီ၏ အရှေ့အလယ်ပိုင်းနှင့် ပြည်သူ့မူဝါဒရေးရာအကြီးအကဲ Andrew Naylor က အဝါရောင်သတ္တုများကို စိတ်ချလုံခြုံမှုရှိသော သယ်ယူပို့ဆောင်ရေးကုမ္ပဏီများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ကြောင်း အင်္ဂါနေ့ အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ရွှေကောင်စီသည် ယူအေအီးရှိ၎င်းတို့၏ လုပ်ငန်းမိတ်ဖက်များဖြစ်ကြသည့် Dubai Multi Commodities Centre(DMCC)၊ Dubai Jewellery Group နှင့် အခြားအဓိက‌ရွှေလုပ်ငန်းရှင်များနှင့် ဆွေးနွေးလျက်ရှိပါသည်။ ရွှေကိုင်ဆောင်ခြင်းအတွက် စံသတ်မှတ်ချက်တစ်ခုသတ်မှတ်ခြင်းသည် ရွှေမြို့တော်သို့လာရောက်ကြသည့် သန်းပေါင်း များစွာသော ခရီးသွားများကို အဖိုးတန်သတ္တုလက်ဝတ်ရတနာများနှင့် ရွှေတုံး၊ ရွှေခဲများကို ဝယ်ယူနိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။ တကယ်တမ်းတွင် ဒူဘိုင်းသို့ ကမ္ဘာလှည့်ခရီးသည်အများအပြားမှာ ၎င်းတို့၏မင်္ဂလာပွဲအတွက် ရွှေလက်ဝတ်ရတနာများဝယ်ယူရန် လာရောက်ကြခြင်းဖြစ်ကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

WGC ၊ DMCC နှင့် အခြားရွှေလုပ်ငန်းရှင်များသည် အဓိကကျသော ခေါင်းစဉ်ငါးခုကို ဆွေးနွေးကြမည်ဖြစ်ပါသည်-

  • မည်သည့်ရွှေပုံစံများကို လက်ဆွဲသယ်ဆောင်သင့်သည်ကို ခွင့်ပြုနိုင်/မပြုနိုင်သည့်ကိစ္စ၊
  • ဖြစ်နိုင်သည့်နေရာနှင့် ပုဂ္ဂိုလ်ရေးကန့်သတ်ချက်များသည် အဘယ်နည်း၊
  • လုပ်ထုံးလုပ်နည်းများတင်းကျပ်သင့်ပြီး ကြိုတင်ခွင့်ပြုချက်လိုအပ်မှုများ၊
  • လက်ဆွဲသယ်ယူသည့် ရွှေများကို မည်သို့ခြေရာခံပြီး စာရင်းသွင်းနိုင်မည်နည်း၊
  • လက်ဆွဲသယ်ဆောင်ခြင်းအန္တရာယ်ကို မည်သို့လျှော့ချနိုင်မည်နည်း၊

DMCC မှစီစဉ်ကျင်းပသော ၁၁ကြိမ်မြောက် Dubai Precious Metals Conference (DPMC)၏တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် Andrew Naylor က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ခရီးသွားများကိုယ်ရေးကိုယ်တာအတွက် ရွှေလက်ဝတ်လက်စားများဝယ်ယူခြင်းသည် အဆင်ပြေ သင့်သော်လည်း လက်ကားဈေးကွက်တွင်လည်း လက်ဆွဲရွှေကိုအသုံးပြုသင့်ပါသလားဆိုသည့် မေးခွန်း ထုတ်စရာဖြစ်လာကြောင်း ၎င်းက ထောက်ပြသွားပါသည်။

စစ်မှန်သောကုန်ပစ္စည်းများနှင့် လိမ်လည်လှည့်ဖြားထားသည့် ကုန်ပစ္စည်းများအပြင် သံသယဖြစ် ဖွယ်ရာသယ်ယူမှုများကို ရှာဖွေဖော်ထုတ်နိုင်ရန် အကောက်ခွန်အရာရှိများကိုလည်း လေ့ကျင့်သင်ကြားပေးသွားရန်လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဆက်စပ်တင်ပြချက်

ယူအေအီးနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အဋ္ဌမမြောက် ရွှေတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်က ယူအေအီးနိုင်ငံသို့ ရွှေတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံခန့်ရှိကာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ငါးဘီလီယံနီးပါး တိုးတက်လာခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အတွက် ယူအေအီးနိုင်ငံ၏ရွှေဈေးနှုန်းများမှာ 24 K ရွှေ တစ်ဂရမ်လျှင် ၂၄၂.၂၅ AED၊ 22 K ရွှေ တစ်ဂရမ်လျှင် ၂၂၄.၂၅ AED ၊ 21 K ရွှေ တစ်ဂရမ်လျှင် ၂၁၇.၀၀ AED နှင့် 18 K ရွှေ တစ်ဂရမ်လျှင် ၁၈၆.၀၀ AED ဖြစ်ပါသည်။ ( 1 USD =  3.67 AED, 22.11.23, xe.com)

Source:                  focus.hidubai.com, Khaleej Times, emirates247.com, statista.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

 

Category: International News