International News

အိန္ဒိယက သကြားပြန်လည်တင်ပို့ရန်စီစဉ်မှုကြောင့် ယူအေအီးတွင်သကြားဈေး ကျဆင်းသွား

Last Updated:

ခြောက်သွေ့သောရာသီဥတုကြောင့် အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့တွင် ရိတ်သိမ်းမှုများပျက်စီးပြီးနောက် ထောက်ပံ့မှုများနည်းပါးခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သကြားဈေးသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ကုန်စျေးနှုန်းများမြင့်တက်မှုကြောင့် ယူအေအီးနိုင်ငံတွင် သကြားဈေးနှုန်းသည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ရှစ်ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပါသည်။

သို့သော်လည်း သမဝါယမအသင်းများမှ ကမ္ဘာ့ပို့ကုန်ဈေးကွက်ကိုသိရှိပြီး ထုတ်ကုန်များထုတ်လုပ်ရာတွင် နိုင်ငံ တကာစံချိန်စံညွှန်းများနှင့်ကိုက်ညီရန်အတွက် ပံ့ပိုးကူညီရန် ထူထောင်ထားရှိသော National Cooperative for Exports Ltd(NCEL)အသင်းမှ အိန္ဒိယမှသကြားကိုတင်ပို့ရန် စီစဉ်ထားသည့်အတွက် မကြာခင် ယူအေအီးတွင် သကြားဈေးနှုန်းကျဆင်းသွားရန် မျှော်မှန်းထားကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

အိန္ဒိယသည် ပြည်တွင်းဈေးနှုန်းများကိုထိန်းသိမ်းထားနိုင်ရန် သကြားတင်ပို့မှုကို တားမြစ်ခဲ့ပါသည်။ သို့သော်လည်း ဥရောပသမဂ္ဂနှင့်အမေရိကန်တို့အား တင်ပို့ရောင်းချရာတွင် ဤပိတ်ပင်မှုအပေါ် သက်ရောက်မှုမရှိပါ။ ဤ NCEL ယန္တရားသစ်အရ အိန္ဒိယအစိုးရသည် တောင်သူများနှင့် တိုက်ရိုက်ဆက်ဆံပြီး ကုန်ပစ္စည်းများတင်ပို့ကာ အလယ် အလတ်စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ သကြားကို တင်ပို့နိုင်သည့် NCEL လက်အောက်ရှိ နိုင်ငံများစာရင်းတွင် ယူအေအီးနိုင်ငံကိုလည်း ထည့်သွင်းနိုင်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ Al Adil Trading ၏ ဥက္ကဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Dr. Dhananjay Datar က လက်ရှိဈေးကွက်တွင် ရောင်းချနေသောကုန်စည်များကို ဘရာဇီးနိုင်ငံမှအဓိကတင်သွင်းကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်လအတွင်း ပြည်တွင်းသကြားဈေး ရှစ်ရာခိုင်နှုန်းတက်လာကြောင်း၊ သို့သော်လည်း အိန္ဒိယမှ သကြားများ ပြည်တွင်းဈေးကွက်သို့ရောက်လာသည်နှင့် ဈေးကျသွားမည်ဖြစ်ကြောင်း Dr. Datar က တနင်္လာနေ့က အင်တာဗျူးတစ်ခုတွင် Khaleej Times သို့ ပြောကြားခဲ့ပါသည်။

ပုံမှန်မဟုတ်ဘဲခြောက်သွေ့သော ရာသီဥတုကြောင့် ကောက်ပဲသီးနှံများပျက်စီးခဲ့ရပြီး ကမ္ဘာ့ဒုတိယနှင့်တတိယအကြီးဆုံးသကြားတင်ပို့သူ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့က အထောက်အပံများနည်းပါးခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိသကြားဈေးသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကလည်း ၂၀၂၃-၂၄ တွင် ကမ္ဘာ့သကြားထုတ်လုပ်မှု ၂ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သတိပေးခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၃ ဒသမ ၅ သန်းခန့်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

Al Maya Group မှ အဖွဲ့ဒါရိုက်တာ Kamal Vachani က ယူအေအီးသည် အစဉ်အလာအားဖြင့် ဘရာဇီး၊ အိန္ဒိယ၊ ထိုင်းနှင့် ဥရောပ၏ အချို့နေရာများမှ သကြားများကို တင်သွင်းနေသည်ဟု ဆိုပါသည်။ အဆိုပါနိုင်ငံများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ကုန်သွယ်မှုဆက်ဆံရေးကောင်းမွန်မှုကြောင့် ၎င်းဒေသများမှာ ယူအေအီးနိုင်ငံသို့ သကြားအဆက်မပြတ်ထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ မက္ကဆီကို၊ သြစတြေးလျနှင့် အာဖရိကနိုင်ငံအချို့၏ သကြားထုတ်လုပ်မှုများကို အခါအားလျော်စွာတိုးမြင့်လာသည့် အချိန်အတိုင်းအတာတစ်ခုအထိ တင်သွင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Vachani က ယူအေအီးနိုင်ငံသည် သကြားဈေးကွက်နှင့်ပတ်သက်လျှင် သက်တောင့်သက်သာ အနေအထားတွင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနှင့်ဂျာမနီတို့သည် သကြားတင်သွင်းရန်အခြားဈေးကွက်များဖြစ်ကြောင်း ဒေါက်တာ Datar က ဆက်လက်ပြောကြားခဲ့ပါသည်။

အရင်းအမြစ်။  khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News