International News

အိန္ဒိယနိုင်ငံ၌ ယခုနှစ်စပါးပေါ်ချိန် ၄၅ ရက်အတွင်း အစိုးရ၏ဆန်ဝယ်ယူမှု ၄ ရာခိုင်နှုန်းကျဆင်း

Last Updated:

ယခုနှစ်တွင် အိန္ဒိယအစိုးရ၏ အရန်ဆန်ဝယ်ယူရေးအတွက် အဓိကတာဝန်ရှိသော အိန္ဒိယ စားနပ်ရိက္ခာကော်ပို ရေးရှင်း(Food Corporation of India)မှ ဆန်ဝယ်ယူမှုကျဆင်းခဲ့ကြောင်း သိရသည်။ ဝယ်ယူရေးရာသီစတင်သည့် အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အစိုးရမှ ဆန်ဝယ်ယူသည့်စာရင်းများအရ မက်ထရစ်တန်ချိန် ၁၆၁ ဒသမ ၃ သိန်းရှိပြီး ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ 

ပြီးခဲ့သည့်အောက်တိုဘာလကုန်ရှိ ဆန်ဝယ်ယူမှုပမာဏသည် လွန်ခဲ့သောနှစ် ကာလတူထက် ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကိုကြည့်လျှင် အစိုးရအနေဖြင့် ကွာဟချက်ကို နည်းနိုင်သမျှနည်းရန် ယခုသီတင်းပတ်(၂)ပတ်အတွင်း ဆန်ဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်း တွေ့ရသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်က အစိုးရ၏ဆန်ဝယ်ယူမှုပမာဏ တန်ချိန် ၁၆၈ ဒသမ ၇၅ သိန်းရှိခဲ့ကြောင်း သိရသည်။ ယခုလ ပထမသီတင်းပတ်(၂)ပတ်အတွင်း ဆန်ဝယ်ယူမှုပမာဏမှာ တန်ချိန် ၅၇ ဒသမ ၇၇ သိန်းရှိသည့်အတွက် လွန်ခဲ့သောနှစ် ကာလတူရှိ တန်ချိန် ၅၄ ဒသမ ၆၂ သိန်းနှင့်နှုန်းယှဉ်လျှင် မြင့်တက်လာကြောင်း တွေ့ရသည်။

အစိုးရ၏ ဆန်ဝယ်ယူရေးရည်မှန်းချက်

အိန္ဒိယအစိုးရသည် ဆန်ကို ၂၀၂၃-၂၄ ခုနှစ် ခါရစ်(မိုး)ရာသီ(အောက်တိုဘာလမှ စက်တင်ဘာလအထိ)တွင် တန်ချိန် ၅၂၁ ဒသမ ၂၇ သိန်းဝယ်ယူရန် ရည်မှန်းထားသည်။ အဆိုပါခရစ်ရာသီ၏ ဆန်ထုတ်လုပ်မှုမှာ လက်ရှိရာသီတွင် ၁၀၆ ဒသမ ၃၁ သန်းရှိပြီး၊ လွန်ခဲ့သောနှစ် ရာသီက ၁၁၀ ဒသမ ၅၁ သန်းရှိခဲ့သည့်အတွက် ၄ ရာခိုင်နှုန်းခန့်ကျဆင်းမည်ဟု အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

“ဘယ်လိုပဲ ပထမသီတင်းပတ်(၂)ပတ်မှာ ဆန်ဝယ်ယူမှုတိုးတယ်ပဲဆိုဆို ၂၀၂၁ ခုနှစ် ခါရစ်ရာသီက နှုန်းနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၀သိန်းနီးပါးလျော့နည်းနေပါတယ်။ဥတာပရာဒက်နှင့် ဘီဟာပြည်နယ်တို့ကဲ့သို့ စပါးအဓိကစိုက်ပျိုး သည့်ပြည်နယ်များတွင် ယမန်နှစ်က မိုးရွာသွန်းမှုလျော့နည်းပြီး၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက အခြောက်သွေ့ဆုံးဖြစ်ခဲ့သည့်အတွက် ပြည်နယ်အများစုရှိ စပါးစိုက်ပျိုးမှုအပေါ် သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ပြန်လည်စိုက်ပျိုးတာတွေလုပ်ခဲ့ရတဲ့ ပြည်နယ်ဒေသအစိတ်အပိုင်းတော်တော်များများကနေ စပါးထွက်ရှိမှု နှောင့်နှေးကြန့်ကြာနေဦးမှာပဲဖြစ်ပါတယ်။” ဟု တရားဝင်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ပထမလတွင် ပန်ဂျပ်ပြည်နယ်မှ ဗဟိုစားနပ်ရိက္ခာသိုလှောင်ရုံများသို့ ပေးပို့လာသော ဆန်ပမာဏ ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း နိုဝင်ဘာလ ၁၅ ရက်အထိ ပြည်နယ်မှ ဆန်ဝယ်မှုပမာဏမှာ တန်ချိန် ၁၀၈ ဒသမ ၇ သိန်းရှိခဲ့ကြောင်း သိရသည်။ သို့သော် ယခင်ကာလတူက တန်ချိန် ၁၁၃ ဒသမ ၇ သိန်းရှိခဲ့သည့်အတွက် ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အစိုးရက နိုဝင်ဘာလကုန်တွင် ပန်ဂျပ်ပြည်နယ်မှ ဆန်တန်ချိန် ၁၂၂ သိန်းဝယ်ယူရန် ရည်မှန်းထားခြင်းဖြစ်သည်။ ယခုသီတင်းပတ်အစောပိုင်းက ပြည်နယ်အစိုးရအနေဖြင့် လယ်သမားများဆန္ဒပြနေသည့်ကြားက ဆန်ဝယ်ယူမှုဗဟိုဌာန ၃၀၀ နီးပါးအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မိုးရွာသွန်းမှုများပြားပြီး သစ်ပင်ပိခြင်းတို့ဖြစ်ပွားပြီး ခရိုင်အချို့တွင် စပါးပင်များကို ပြန်လည်စိုက်ပျိုးကြရသည့် အတွက် ရိတ်သိမ်းချိန်နောက်ကျပြီး စပါးထွက်ရှိချိန်နောက်ကျနေမည်ဖြစ်သည်။ အစိုးရအနေဖြင့် စပါးအထွက်နှုန်းကျပြီး ဈေးကောင်းရသည့်အတွက် လယ်သမားများအနေဖြင့် အစိုးရ၏ပြင်ပဈေးကွက်များသို့ ရောင်းချသွားဖွယ်ရှိကြောင်း ကနဦးကယူဆထားသော်လည်း နောက်ပိုင်းတွင် ပြဿနာအခြေအနေများကို ရိပ်စားမိသည့်အတွက် ဗဟို ဌာန ၂၈၅ ခုကို စပါးဝယ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။ “လိုအပ်ပါက ဌာနအနေနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ပိုင်းအထိ စပါးဝယ်ယူသည့်အချိန်ကို တိုးမြှင့်သွားဖွယ်ရှိပါတယ်။”ဟု အဆိုပါပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဟာယနပြည်နယ်သည် ရည်မှန်းချက်နှင့်လွဲခဲ့သလော

ဟာယနပြည်နယ်တွင် ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန်ဝယ်ယူမှုပြီးမြောက်ခဲ့ပြီး၊ စုစုပေါင်းနှံစားသီးနှံ တန်ချိန် ၃၈ ဒသမ ၉၁ သိန်းဝယ်ယူခဲ့ကြောင်း သိရသည်။ ယခင်နှစ် ကာလတူက တန်ချိန် ၃၈ ဒသမ ၉၃ ဝယ်ယူခဲ့သည့် အတွက် အနည်းငယ်သာလျော့နည်းခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အနေဖြင့် ယခုနှစ်တွင် ဗဟိုစားနပ်ရိက္ခာသိုလှောင်ရုံများအတွက် တန်ချိန် ၄၀ သိန်းဝယ်ယူရန် ရည်မှန်းထားခြင်းဖြစ်သည်။ သို့သော် ယမန်နှစ်က နောက်ဆုံးရရှိခဲ့သော အချက်အလက်များအရ ဆန်ဝယ်ယူမှုပမာဏ တန်ချိန် ၃၉ ဒသမ ၇၇ သိန်းရှိခဲ့သလို၊ ယခုနှစ်တွင်လည်း အချက် အလက်များကို နောက်ဆုံးညှိနှိုင်းပြီးသည့်အချိန်တွင် အနည်းဆုံးဆန်တန်ချိန် ၁ သိန်းမှ ၂ သိန်းအထိ တိုးမြင့်လာဖွယ်ရှိကြောင်း သိရသည်။

အစိုးရ၏ ပြည်နယ်အလိုက် ဆန်စပါးဝယ်ယူမှုအခြေပြဇယား* (တန်ချိန် သိန်းပေါင်း)

ပြည်နယ်အမည်

၂၀၂၃-၂၄ ခုနှစ်

၂၀၂၂-၂၃ ခုနှစ်

% တိုး/လျှော့

ဟာယန (Haryana)

38.91

38.93

-0.1

ပန်ဂျပ် (Punjab)

108.7

113.7

-4.4

ဥထာပရာဒက် (UP)

1.57

2.39

-34.3

တမီးလ်နာဒု (Tamil Nadu)

3.63

5.74

-36.8

ဥထရာခန်း (Uttarakhand)

2.98

4.15

-28.2

ချာတစ်ဂါ (Chhattisgarh)

2.65

3.56

-25.6

တီလင်ဂါန (Telangana)

2.26

0.04

5,550.00

ပြည်နယ်အားလုံး (All India)

161.3

168.75

-4.4

*အောက်တိုဘာလ ၁ ရက်နှင့် နိုဝင်ဘာလ ၁၅ ရက်အကြား

ဇစ်မြစ်။ The Hindu Businessline

ဥထာပရာဒက်ပြည်နယ်၏ ဆန်ဝယ်ယူမှုသည် လွန်ခဲ့သောနှစ်ကာလတူက တန်ချိန် ၂ ဒသမ ၃၉ သိန်းရှိခဲ့ပြီး၊ ယခုနှစ်တွင် ၁ ဒသမ ၅၇ သိန်းသာရှိသည့်အတွက် ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ပြည်နယ်အနေဖြင့် ၂၀၂၃-၂၄ ခါရစ်ရာသီတွင် စပါးပုံမှန်ထွက်ရှိရမည့်အခြေအနေမှ ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားသည့်အတွက် ဝယ်ယူမှုများ ဆက်လက်ကျဆင်းဖွယ်ရှိနေပါသည်။

တမီးလ်နာဒုပြည်နယ်၏ ဆန်ဝယ်ယူမှုသည် တန်ချိန် ၃ ဒသမ ၆၃ သိန်းရှိပြီး ယခင်ကာလတူက ၅ ဒသမ ၇၄ သိန်းရှိသည့်အတွက် ၃၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ တီလင်ဂါနပြည်နယ်တွင်လည်း အစိုးရမှ ဆန်ဝယ်ယူမှုစတင်ခဲ့ပြီး တန်ချိန် ၂ ဒသမ ၂၆ သိန်းဝယ်ယူပြီးဖြစ်ကာ လွန်ခဲ့နှစ်ကာလတူထက် တန်ချိန် ၄၀၀၀ ခန့် မြင့်တက်လာသည်ကို တွေ့ရပါသည်။

ချာတစ်ဂါပြည်နယ်တွင်လည်း အစိုးရ၏ဆန်ဝယ်ယူမှုစတင်ခဲ့ပြီး ပြီးခဲ့သည့်(၁၅)ရက်စာ ရရှိသည့် အချက်အလက်များအရ တန်ချိန် ၂ ဒသမ ၆၅ သိန်းရှိပြီး လွန်ခဲ့သောနှစ်ကာလတူက ၃ ဒသမ ၅၆ သိန်းရှိခဲ့ကြောင်း သိရသည်။ အဆိုပါပြည်နယ်တွင် အစိုးရသစ်ဖွဲ့စည်းပြီးချိန်အထိ ဆန်စပါးဝယ်ယူမှုနှုန်းအနည်းငယ်နှေးကွေးဖွယ်ရှိကြောင်း သိရသည်။ အကြောင်းမှာ ပြည်နယ်လွှတ်တော်နှင့် BJP ပါတီတို့မှ စပါး၏အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Price-MSP)ကို ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃၁၀၀ မှ ၃၂၀၀ အထိသတ်မှတ်ပေးသွားမည်ဟု ကတိပြုထားသောကြောင့်ဖြစ်သည်။

အစိုးရက ယခုနှစ် ဇွန်လတွင် သာမန်စပါးမျိုးအတွက် အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Price-MSP) ကို ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၁၈၃ နှင့် အရည်အသွေး A အဆင့်စပါးမျိုးအတွက် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၂၀၃ သတ်မှတ်ပေးထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယအစိုးရသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုရှိရန် ဆန်နှင့်ဂျုံကဲ့သို့ နှံစားသီးနှံများကို ဗဟိုသိုလှောင်ရုံများတွင် အရန်ထားရှိနိုင်ရန် နှစ်စဉ်ဝယ်ယူလေ့ရှိပါသည်။ ယင်းသို့ဝယ်ယူရာတွင်လည်း တောင်သူလယ်သမားများအကျိုး စီးပွားအတွက် ရည်ရွယ်၍ အနိမ့်ဆုံးကြမ်းခင်းဈေး(Minimum Support Price -MSP)သတ်မှတ်၍ ဝယ်ယူပါသည်။ ယခုအခါ သီတင်းပတ်(၂)ခုတာကာလအတွင်း အစိုးရမှ ဆန်စပါးဝယ်ယူမှု ၄ ဒသမ ၄ ရာခိုင်နှုန်းခန့်ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရသော်လည်း ရာသီကုန်ချိန်တွင် စုစုပေါင်းဝယ်ယူမှုတိုးမြင့်လာဖွယ်ရှိနေပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအခါတွင် ဆန်သိုလှောင် ထိန်းသိမ်းမှုဆိုင်ရာ သတင်းပို့စနစ်သစ်ဖြစ်သော မြန်မာဆန်စပါးအွန်လိုင်း(MyRo)ကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ(PPP Model)ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ အိန္ဒိယအစိုးရ၏ လတ်တလောဆန်စပါးဝယ်ယူမှုအခြေအနေများကို သိရှိနိုင်ရေး လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Hindu Businessline သတင်းဌာန၊ “India’s rice procurement down 4% in first 45 days of current season”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News