အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ စားသုံးမှုမရှိသော ဆန်စပါးမျိုးများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အချို့သော ဆန်မျိုးကွဲများအတွက် ကုန်ပစ္စည်းအမျိုးအစားခွဲခြားခြင်း စည်းဝါးညီစနစ်(Harmonized System of Nomenclature-HSN)ကုဒ်များဟုခေါ်သော အကောက်ခွန်ကုဒ်အသစ်များဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်အမျိုးအစားအားလုံးကို တင်ပို့ခွင့်ပိတ်ပင်ထားပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်များပြည်ပတင်ပို့ရောင်းချမှုတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA)သည် ဆန်နီ၊ ဆန်နက်နှင့် ကလန်နမတ်ဆန်(Kalanamak Rice)ကဲ့သို့သော GI (ပထဝီဝင်အညွှန်းများ)တံဆိပ်ပါသော ဆန်မျိုးကွဲများအတွက် သီးခြား HSN ကုဒ်များကို အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုန်သွယ်ရေးဌာနမှ Additional Secretary ဖြစ်သူ Rajesh Agarwal က အိန္ဒိယတွင် ဘာစမာတီမဟုတ်သည့် ဆန်အမျိုးအစားပေါင်း ၄၀-၅၀ရှိကြောင်း၊ အစိုးရက ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှုအား တားမြစ်လိုက်သည့်အခါတွင် Sona Masuri၊ Govind Bhog၊ Kalanamak စသည့် ဘာစမာတီမဟုတ်သည့် ဆန်ဖြူအမျိုးအစားများတင်ပို့မှုကို များစွာထိခိုက်မှုရှိစေခဲ့ကြောင်း၊ တစ်ချို့သောဆန်မျိုးကွဲအချို့အတွက် HSN ကုဒ်အသစ်ကို ဖော်ထုတ်ရခြင်းသည် စက်မှုလက်မှုလုပ်ငန်းရှင်များမှ တောင်းဆိုခြင်းကြောင့်ဖြစ်ပြီး လုပ်ငန်းရှင်များနှင့် အသေးစိတ်ညှိနှိုင်းပြီးနောက် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ပြင် ဆန်တင်ပို့မှုတားမြစ်ပိတ်ပင်မှုကြောင့် နိုင်ငံ၏အဓိကအစားအစာဖြစ်သည့် ပုံမှန်စပါးမျိုးများအား ဆက်လက်စိုက်ပျိုးထုတ်လုပ်ရန် လယ်သမားတွေအတွက် လုံလောက်သည့် မက်လုံး၊ ဆွဲဆောင်မှုများရှိ/မရှိ သိရှိနိုင်ရန်စောင့်ကြည့်လေ့လာလျက်ရှိကြောင်း၊ လက်ရှိတွင် ဘာစမာတီမဟုတ်သော ဆန်အတွက် HSN Code ခြောက်ခုနှင့် ဘာစမာတီဆန်အတွက် HSN Code တစ်ခုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခုနှစ်တွင် ပင်လယ်နီဒေသအကျပ်အတည်းသည် အိန္ဒိယ၏ဆန်တင်ပို့မှုအပေါ် ကြီးမားသော သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ အစိုးရက ဆန်၊ သကြားနှင့် ဂျုံတင်ပို့မှုကန့်သတ်ချက်များကြောင့် အိန္ဒိယ၏ လယ်ယာထွက်ကုန်တင်ပို့မှုမှာ ၉ ရာခိုင်နှုန်းကျဆင်းသွားနိုင်သော်လည်း အိန္ဒိယအနေဖြင့် ဝက်မြေဥ(Water Chestnut)နှင့် ကြာစေ့ (Makhana-fox nut)ကဲ့သို့သော ကုန်စည်အမျိုးအစားသစ်များကို စတင်တင်ပို့မှုများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၂-၂၃ တွင် ဆန်တန်ချိန် ၂၂ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းဆန်ဖြူပိုလျှံမှုရှိ/မရှိ မသေချာသေးသည့်အတွက် ဘာစမာတီမဟုတ်သည့်ဆန်ဖြူများ တင်ပို့နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
APEDA ဥက္ကဋ္ဌ Abhishek Dev ၏ပြောကြားချက်အရ အိန္ဒိယ၏ လယ်ယာထွက်ကုန်များ တင်ပို့မှုသည် 1987-88 တွင် ကန်ဒေါ်လာ 0.6 ဘီလီယံသာရှိခဲ့ရာမှ 2022-23 ခုနှစ်တွင် ကန်ဒေါ်လာ 26.7 ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယသည် နိုင်ငံပေါင်း 200 ကျော်သို့ တိုးချဲ့တင်ပို့ခဲ့ပြီး ယခုအခါ လတ်ဆတ်သောသစ်သီးဝလံများကို နိုင်ငံပေါင်း 111 နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့သည့်အဖွဲ့အစည်းများသည် သရက်သီးနှင့်သလဲသီးများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများသို့ စမ်းသပ်တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ပထဝီဆိုင်ရာညွှန်ပြချက်(GI)ရရှိထားသော ဆန်မျိုးကွဲများအတွက် HSN ကုဒ်အသစ်များဖော်ထုတ်၍ ပြည်ပသို့ တင်ပို့နိုင်ရေးကြိုးပမ်းနေမှုအခြေအနေ၊ ဝက်မြေဥ၊ ကြာစေ့ကဲ့သို့သော အစေ့အစံကုန်စည်အသစ်များအား ပြည်ပနိုင်ငံများသို့ စမ်းသပ်တင်ပို့နေမှုအခြေအနေများကို သိရှိနိုင်ပါရန်နှင့် မြန်မာ နိုင်ငံအနေဖြင့်လည်း ပြည်ပတင်ပို့ရန် အလားအလာရှိသော လယ်ယာစိုက်ပျိုးရေးထုတ်ကုန်သစ်များကို ဖော်ထုတ် ၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။
Source: India working to develop HSN codes for certain varieties of rice, The Economic Times, February 14, 2023.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)