International News

ရာဘာထုတ်ကုန်များတင်သွင်းမှုအပေါ် သွင်းကုန်ခွန်များပြင်ဆင်ဖြေလျှော့ပေးရန် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရာဘာလုပ်ငန်းရှင်များအသင်း (AIRIA) မှ တောင်းဆို

Last Updated:

အိန္ဒိယအစိုးရအနေဖြင့် ရာဘာထုတ်ကုန်များတင်သွင်းမှုအပေါ် သတ်မှတ်ထားရှိသည့် အကောက်ခွန်ဆိုင်ရာ မူဘောင်များကို ပြင်ဆင်ဖြေလျှော့ပေးရန် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရာဘာလုပ်ငန်းရှင်များအသင်း (All India Rubber Industries Association-AIRIA) မှ တောင်းဆိုခဲ့သည်။

အဆိုပါအသင်းတွင် အငယ်စားနှင့် အသေးစားရာဘာလုပ်ငန်းပေါင်း ၁၄၀၀ ကျော်ပါဝင်ပြီး၊ အိန္ဒိယအစိုးရအနေဖြင့် ရာဘာကုန်ချောပစ္စည်းများတင်သွင်းမှုအပေါ် အကောက်ခွန်များတိုးမြှင့်ကောက်ခံသွားရန်တောင်းဆိုလျက်ရှိသည်။ လက်ရှိတွင် ရာဘာကုန်ချောများတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံပြီး သဘာဝရာဘာ (Natural rubber)တင်သွင်းမှုအပေါ် ၁ ကီလိုဂရမ်လှျင် ရူပီး ၃၀ ကောက်ခံလျက်ရှိရာ၊ ကုန်ချောပေါ် စည်းကြပ်သည့်အခွန်က ကုန်ကြမ်းအပေါ် စည်းကြပ်သည့်အခွန်ထက် ၂၅ ရာခိုင်နှုန်းခန့် သက်သာလျက်ရှိသည်။ ယင်းအပေါ် အစိုးရ၏ အကောက်ခွန်ကောက်ခံသည့်ပုံစံမှားယွင်းလျက်ရှိသည်ဟု AIRIA ဥက္ကဌ Shashi Singh က ပြောကြားခဲ့သည်။

အဆိုပါအစိုးရ၏သွင်းကုန်ခွန်ကောက်ခံသည့်ပုံစံသည် ပြည်တွင်းရာဘာထုတ်လုပ်မှုကို အားပေးရမည့်အစား ပြည်ပမှ ရာဘာကုန်ချောများကို ပိုမိုတင်သွင်းရန် မက်လုံးပေးစွဲဆောင်သကဲ့သို့ရှိသည့်အတွက် အိန္ဒိယမှ ရာဘာထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းစေကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

Singh က အိန္ဒိယနိုင်ငံ၏ ရာဘာကဏ္ဍသည် နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် Atma Nirbhar Bharat (မိမိနိုင်ငံအပေါ်သာ မှီခိုမှုပြုခြင်း) မျှော်မှန်းချက်ကို ပြည့်မှီရန် အလားအလာကောင်းများရှိသည့်အကြောင်းဖော်ပြလျက် နိုင်ငံအနေဖြင့် ရာဘာထုတ်ကုန်မျိုးစုံကို ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ထောက်ပြပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် သဘာဝရော်ဘာထုတ်လုပ်မှုသည် ဝယ်လိုအားနှင့်ရောင်းလိုအားမမျှဘဲ နိုင်ငံအနေဖြင့် သဘာဝရော်ဘာကို တန်ချိန် ၈ ဒသမ ၅ သိန်းသာထုတ်လုပ်နိုင်ပြီး၊ ဈေးကွက်ဝယ်လိုအားမှာ ၁၃ ဒသမ ၅ သိန်းရှိသည့် အတွက် လိုအပ်သည့်တန်ချိန် ၅ သိန်းခန့်ကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်ဟုဆိုသည်။ ယင်းသို့ ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ စက်မှုထုတ်ကုန်များဈေးနှုန်းမြင့်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဈေးကွက်၌ RSS4(ribbed smoked sheet) ရာဘာ၏ ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ရူပီး ၁၆၃ ရှိပြီး၊ ထိုင်းနိုင်ငံတွင် RSS3 ရာဘာ၏ ဈေးနှုန်းသည် ၁ ကီလို ဂရမ်လျှင် ရူပီး ၁၇၁ ဒသမ ၉၉ ရှိကြောင်း သိရသည်။

ထို့အပြင် EPDM၊ ဆီလီကွန်(silicon)နှင့် polychloroprene စသည့် ရေနံဓါတုဒြပ်ပေါင်းများမှ ထုတ်လုပ်သော ရာဘာအမျိုးအစား(Synthetic Rubber)များကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှသာ တင်သွင်းနေရသည်ဟု Singh က ပြောကြားခဲ့သည်။ အကယ်၍ အစိုးရအနေဖြင့် အဆိုပါထုတ်ကုန်များအပေါ် စည်းကြပ်သည့်သွင်းကုန်ခွန်များကို လျှော့ချသတ်မှတ်ပေးမည်ဆိုပါက အိန္ဒိယရာဘာထုတ်ကုန်ထုတ်လုပ်သူများအား ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်လာစေမည်ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

AIRIA အနေဖြင့် ရာဘာသွင်းကုန်များအပေါ် သတ်မှတ်ကောက်ခံသည့် အကောက်ခွန်နှုန်းထားများနှင့်ပတ်သက်၍ အစိုးရထံ တိုက်တွန်းပြောကြားလျက်ရှိရုံသာမက အိန္ဒိယရာဘာကဏ္ဍအား ပြည်တွင်း၊ပြည်ပနှစ်ရပ်စလုံး၌ မြှင့်တင် ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အသင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ၂၀၂၄ ခုနှစ် အိန္ဒိယရာဘာကုန်စည်ပြပွဲ(India Rubber Expo 2024) ကို ကျင်းပပြုလုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါကုန်စည်ပြပွဲနှင့်အတူ ဟောပြောပွဲများ၊ ရောင်းသူ/ဝယ်သူတစ်ဦးချင်းတွေ့ဆုံခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းစီစဉ်လျက်ရှိကြောင်း သိရသည်။

AIRIA အနေဖြင့် ထုတ်လုပ်မှုနှင့်ချိတ်ဆက်သော မက်လုံးပေးအစီအစဉ်(Production Linked Incentive-PLI scheme)တွင် အသင်းဝင်ကုမ္ပဏီကြီးများပါဝင်နိုင်ရန် ဆောင်ရွက်လျက်ရှိသလို အသေးစားနှင့်အငယ်စားလုပ်ငန်းငယ်များကိုလည်း အစုအဖွဲ့များစုဖွဲ့၍ မြှင့်တင်မှုများဆောင်ရွက်ပေးနိုင်ရန် အစိုးရအား တိုက်တွန်းပြောကြားလျက်ရှိသည်။ ထို့အပြင် အသင်းအနေဖြင့် အိန္ဒိယနိုင်ငံစံချိန်စံညွှန်းများဆိုင်ရာဗျူရို(Bureau of Indian Standards norms)နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် သဘာဝရာဘာကို ပြည်တွင်းလိုအပ်ချက်ပြည့်မှီအောင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှ နှစ်စဉ်တန်ချိန် ၅ သိန်းခန့် တင်သွင်းနေရပါသည်။ အိန္ဒိယအစိုးရအနေဖြင့် သဘာဝရော်ဘာအပေါ် ကောက်ခံသည့်သွင်းကုန်ခွန်များကို လျှော့ချရန်နှင့် ရာဘာကုန်ချောတင်သွင်းမှုအပေါ် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံရန် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ရာဘာလုပ်ငန်းရှင်များအသင်း(All India Rubber Industries Association-AIRIA)မှ တောင်းဆိုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ အကယ်၍ အိန္ဒိယအစိုးရအနေဖြင့် ယင်းသို့ဖြေလျှော့မှုများပြုလုပ်ခဲ့မည်ဆိုပါက မြန်မာ့သဘာဝရာဘာကို အိန္ဒိယနိုင်ငံဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှ သွင်းကုန်များနှင့်မူ အရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်ရဖွယ်ရှိနေပါသည်။

မြန်မာ့ရာဘာလုပ်ငန်းရှင်များအနေဖြင့် ၂၀၂၄ ခုနှစ် အိန္ဒိယရာဘာကုန်စည်ပြပွဲ(India Rubber Expo 2024)ကဲ့သို့ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများသို့ အလျဉ်းသင့်သလို ပါဝင်ပြသသင့်ပြီး၊ အနည်းဆုံးလာရောက်လေ့လာသူ (Visitor)အနေဖြင့် လာရောက်လေ့လာ၍ ဈေးကွက်ရှာဖွေသင့်ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         The Times of India သတင်းဌာန၊ “AIRIA urges Centre to change imported duty structure for rubber goods”၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News