ယူအေအီးနိုင်ငံသည် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန်ရည်ရွယ်၍ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကင်ညာနှင့် တောင်အာဖရိကနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများနှင့် ၎င်းတို့နှင့်အတူလိုက်ပါသည့်မိသားစုဝင်များအား ဆိုက်ရောက်ဗီဇာခွင့်ပြုပေးခဲ့ကြောင်းသိရပါသည်။
ယူအေအီးနိုင်ငံ၏ ဆိုက်ရောက်ဗီဇာခွင့်ပြုသည့် နိုင်ငံအရေအတွက် ထပ်မံတိုးမြှင့်ခြင်းမှာ ခရီးသွားဝင်ရောက်မှု၊ စီးပွားရေးလုပ်ငန်းဆက်စပ်ခရီးသွားလာမှုနှင့် နိုင်ငံတကာနှင့် ကူးလူးဆက်ဆံမှု ပိုမိုအားကောင်းလာစေရန်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဆိုက်ရောက်ဗီဇာခွင့်ပြုလိုက်သည့် နိုင်ငံ သားများအနေဖြင့် ယူအေအီးနိုင်ငံတွင် ၁၄ ရက် သို့မဟုတ် ရက်ပေါင်း ၆၀ အထိနေထိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။
ဆိုက်ရောက်ဗီဇာခွင့်ပြုလိုက်သည့် နိုင်ငံများမှ ခရီးသွားများအနေဖြင့် အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် အီးယူအဖွဲ့ဝင်နိုင်ငံတစ်ခုခုမှ သက်တမ်းရှိသော နေထိုင်ခွင့်ပါမစ်ရရှိထားသူများဖြစ်ရန်လိုအပ်ကြောင်းသိရပါသည်။ ယခုကဲ့သို့ဆိုက်ရောက်ဗီဇာတိုးမြှင့်ခွင့်ပြုခြင်းမှာ ယူအေအီးနိုင်ငံ၏ ဗီဇာလုပ်ထုံး လုပ်နည်းမူဘောင်အား နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာအလေ့ အထကောင်းများနှင့်ကိုက်ညီစေရန် ဆောင်ရွက်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ယူအေအီးနိုင်ငံ မှတ်ပုံတင်၊ နိုင်ငံသား၊ အကောက်ခွန်နှင့် ဆိပ်ကမ်းလုံခြုံရေးဆိုင်ရာ ဖက်ဒရယ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါသည်။
ထို့အပြင် ယူအေအီးနိုင်ငံအား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်နိုင်သည့် ကမ္ဘာ့ဗဟိုချက်တစ်ခုဖြစ်လာစေရန် မဟာဗျူဟာမြောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခု ကဲ့သို့ဆိုက်ရောက်ဗီဇာခွင့်ပြုရန် ဆုံးဖြတ်ချက်မှာ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးနက်ရှိုင်းစေခြင်း၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူပုဂ္ဂိုလ်အချင်းချင်းအပြန်အလှန်ဖလှယ်မှုတို့ကို တွန်းအားပေးခြင်းအပါအဝင် ယူအေအီးနိုင်ငံ၏ ကျယ်ပြန့်သော သံတမန်ရေးနှင့် စီးပွားရေးရည်မှန်း ချက်များအား အထောက်အကူပြုစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဆိုက်ရောက်ဗီဇာခွင့်ပြုမှုတွင်အကျုံးဝင်သည့် ခရီးသွားများအနေဖြင့် ၁၄ ရက်သက်တမ်းရှိဗီဇာရယူပါက ယူအေအီးနိုင်ငံ၌နေထိုင်စဉ် တစ်ကြိမ် သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး၊ ရက် ၆၀ ဗီဇာရယူလိုပါက သက်တမ်းတိုးခွင့်မရှိကြောင်း၊ ဆိုက်ရောက်ဗီဇာအမျိုးအစားနှစ်ခုစလုံးအတွက် သက်တမ်းကုန်ဆုံးမည့်နေ့ရက်တွင် ပြန်လည်ထွက်ခွာရန် သတ်မှတ်ထားကြောင်း သိရပါသည်။
(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)