International News

ဂျပန်အစိုးရထံမှ ပံ့ပိုးမှုအကူအညီများရယူမည့် နည်းပညာကုမ္ပဏီများအနေဖြင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များလုံခြုံမှုရှိစေရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်လာမည်

Last Updated:

Chips နှင့်ဆက်စပ်သည့်စက်ပစ္စည်းများထုတ်လုပ်ခြင်းကဲ့သို့သောအရေးပါသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက် ဂျပန်အစိုးရထံမှ ပံ့ပိုးမှုအကူအညီများရယူမည့် နည်းပညာကုမ္ပဏီများအနေဖြင့် နည်းပညာဆိုင်ရာသတင်းအချက်အလက်များ လုံခြုံမှုရှိစေရေးဆိုင်ရာစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် ဂျပန်အစိုးရအနေဖြင့် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ စည်းမျဉ်းများကို သတ်မှတ်သွားရန် စီစဉ်လျက်ရှိသည့် ကဏ္ဍ ၅ ရပ်ရှိပြီး၊ အဆိုပါကဏ္ဍများမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ခြင်း၊ နည်းပညာမြင့်လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း၊ ဘက်ထရီထုတ်လုပ်ခြင်း၊ လေယာဉ်အစိတ်အပိုင်းများထုတ်လုပ်ခြင်းနှင့် လုပ်ငန်းသုံးစက်ရုပ်များနှင့် စက်ပစ္စည်းများထုတ်လုပ်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့စည်းမျဉ်းများသတ်မှတ်သွားနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်တွင်ပြဌာန်းခဲ့သည့် Economic Security Law ပါနိုင်ငံအတွက် အရေးပါသည့်ကုန်စည် ၁၂ ခုတွင် ဖြည့်စွက်ဖော်ပြချက်အနေဖြင့် စည်းမျဉ်းများကို ပြင်ဆင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ဂျပန်အစိုးရထံမှ ပံ့ပိုးမှုအကူအညီများရယူမည့် နည်းပညာကုမ္ပဏီများအနေဖြင့် ကုမ္ပဏီတွင်အသုံးပြုမည့် နည်းပညာများကို ကနဦးအနေဖြင့် ထုတ်ဖော်တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် သတင်းအချက်အလက်များလုံခြုံမှုရှိစေရေးဆိုင်ရာ စည်းမျဉ်းများကို သတ်မှတ်ရခြင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် လေယာဉ်များတွင်အသုံးပြုသည့် Carbon Fiber ကဲ့သို့သောနည်းပညာမြင့်ကုန်စည်များတွင် ဂျပန်နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ရန်ဖြစ်ကြောင်း၊ ဂျပန်အစိုးရမှ ထုတ်ပြန်သွားမည့် စည်းမျဉ်းများတွင် အရေးပါသည့်နည်းပညာဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပါဝင်ဆောင်ရွက်မည့်လူဦးရေကို အနည်းဆုံးဖြစ်စေရေးဆောင်ရွက်ရန်၊ နည်းပညာဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီမှ အလုပ်ထွက်သည့်အခါတွင် အဆိုပါနည်းပညာများကို ဖျောက်ဖျက်ခြင်းမပြုရန် ကတိပြုသည့်စာချုပ်များချုပ်ဆိုထားရန်၊ ကုမ္ပဏီ ၂ ခုပူးပေါင်း၍ နည်းပညာ ထုတ်ကုန်များထုတ်လုပ်ပါကလည်း နှစ်ဖက်လုံးအနေဖြင့် နည်းပညာထိန်းသိမ်းရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်၊ နည်းပညာထုတ်လုပ်ရာတွင် နှစ်ဖက်လုံးမှ ပါဝင်ဆောင်ရွက်သူအနည်းဆုံးဖြင့် ထုတ်လုပ်ရန်နှင့် ပါဝင်သည့်ဝန်ထမ်းများကိုစောင့်ကြည့်သွားရန်စသည့်အချက်များကို ထည့်သွင်းသတ်မှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အရေးပါသည့်နည်းပညာများကို ပြည်ပတွင် ထုတ်လုပ်ရန်(သို့မဟုတ်) ထုတ်လုပ်မှုလုပ်ငန်းများကို ပြည်ပနိုင်ငံများတွင် ချဲ့ထွင်ဆောင်ရွက်သွားလိုသူများအနေဖြင့် ထိုသို့ဆောင်ရွက်ခြင်းမပြုမီ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ မဖြစ်မနေကြိုတင်တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါအချက်ကို ထည့်သွင်းရခြင်းမှာ ဂျပန်နိုင်ငံအနေဖြင့် ပြည်ပမှ အဆိုပါနည်းပညာမြင့်ကုန်စည်များကို ဝယ်ယူတင်သွင်းရခြင်းမျိုးမရှိ စေရန် ရည်ရွယ်ထည့်သွင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆင့်မြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်မှုပမာဏကို လက်ရှိထုတ်လုပ်မှုပမာဏ၏ ၅ ရာခိုင်နှုန်းနှင့်အထက်လည်းကောင်း၊ ပုံမှန်နည်းပညာအသုံးပြု၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် ၁၀ ရာခိုင်နှုန်းနှင့်အထက် ပြည်ပနိုင်ငံများတွင် ချဲ့ထွင်ထုတ်လုပ် မည်ဆိုပါက ဂျပန်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ သတင်းပို့တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် စည်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်သည့်ကုမ္ပဏီများအနေဖြင့် အစိုးရ၏ပံ့ပိုးမှုအကူအညီ(Subsidy)များကို ပြန်လည်ပေးအပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံတွင် CHIPS and Science Act အရ အစိုးရ၏ကူညီပံ့ပိုးမှုများ ရယူထားသည့်ကုမ္ပဏီများအနေဖြင့် တရုတ်၊ ရုရှားနှင့်အခြားသောအစိုးရမှကန့်သတ်ထားသည့်နိုင်ငံများတွင် လုပ်ငန်းချဲ့ထွင်ဆောင်ရွက်ခြင်းကို ၁၀ နှစ် တားမြစ်ကန့်သတ်ထားကြောင်းနှင့် စည်းကမ်းချက်များ ချိုးဖောက်သည့်ကုမ္ပဏီများအနေဖြင့် အစိုးရ၏ထောက်ပံ့ငွေများကို ပြန်လည်ပေးအပ်ရန်လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုင်ဝမ်မှ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံတွင် အမေရိကန်အစိုးရ၏ပံ့ပိုးမှုဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံစက်မှုဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် စစ်ဘက်-အရပ်ဘက်သုံးနည်းပညာအဖြစ် နိုင်ငံတကာမှ သတ်မှတ်ထားသည့် နည်းပညာများမဟုတ်သော်လည်း ဂျပန်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်ဝေစုအများအပြားကို ရယူထားနိုင်သည့် နည်းပညာများတင်ပို့မှုကိုလည်း ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၃၀-၅-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News