International News

စီးပွားရေးတိုးတက်မှု အားကောင်းနေသည့်အတွက် ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်နိုင်သည့်အခွင့်အလမ်း ပိုမိုရရှိလာကြောင်း တောင်ကိုရီးယားဗဟိုဘဏ်ဥက္ကဋ္ဌက ထုတ်ဖော်ပြောကြားခဲ့

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၏စီးပွားရေးတိုးတက်မှုအားကောင်းနေခြင်းကြောင့် ငွေကြေး မူဝါဒချမှတ်ရာတွင် ငွေကြေးဖောင်းပွမှု(Inflation)ကို ပိုမိုအာရုံစိုက်ထိန်းချုပ်နိုင်မည့်အခြေအနေရရှိလာကြောင်း ကိုရီးယားဗဟိုဘဏ်(Bank of Korea - BOK)၏ ဥက္ကဋ္ဌ Shin Hyun-song က (၁.၆.၂၀၂၆)ရက်နေ့တွင် ပြောကြားခဲ့ပြီး၊ ၎င်း၏ပြောကြားချက်သည် တင်းကျပ်သောငွေကြေးမူဝါဒ(Hawkish Stance)ကို ဆက်လက်ကိုင်စွဲမည့်သဘောထားကို ဖော်ပြနေကြောင်း The Korea Times သတင်းစာက ရေးသားဖော်ပြထားပါသည်။

တောင်ကိုရီးယားဗဟိုဘဏ်ဥက္ကဋ္ဌ Shin Hyun-song သည် ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် BOK International Conference ၌ ဥရောပဗဟိုဘဏ်(European Central Bank)၏ Executive Board အဖွဲ့ဝင်တစ်ဦးဖြစ်သူ Isabel Schnabel နှင့်ဆွေးနွေးပွဲအတွင်း “တောင်ကိုရီးယား၏ စီးပွားရေးတိုးတက်မှုမှာ အလွန်အားကောင်းနေကြောင်း၊ အထူးသဖြင့် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တိုးတက်မှုကို GDP ထက် GDI ဖြင့်တိုင်းတာပါက ပိုမိုထင်ရှားကြောင်း၊၂၀၂၆ ခုနှစ်ပထမသုံးလပတ်တွင် ကိုရီးယား သမ္မတနိုင်ငံ၏ အမှန်တကယ် Gross Domestic Product (Real GDP) သည် ယခင်နှစ်အလားတူကာလထက် ၃.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ကုန်သွယ်မှုအခြေ အနေပြောင်းလဲမှုများကို ထင်ဟပ်သည့် အမှန်တကယ် Gross Domestic Income (Real GDI)သည် ၁၂.၃ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပုံမှန်အားဖြင့် ရေနံဈေးနှုန်းများ မြင့်တက်လာသောအခါ ရေနံတင်သွင်းမှုအပေါ် အလွန်မှီခိုနေသော တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးအတွက် ကုန်သွယ်မှုအခြေ အနေဆိုးရွားလာကာ GDI တိုးတက်မှုသည် GDP ထက် နိမ့်ကျလေ့ရှိကြောင်း ၎င်းက ရှင်းပြခဲ့ပါသည်။ သို့ရာတွင် ယခု ၂၀၂၆ ခုနှစ်၏ ပထမသုံးလပတ်တွင် စွမ်းအင်ဈေးနှုန်းမြင့်တက်မှု၏သက်ရောက်မှုကို တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) ပို့ကုန်များအားကောင်းစွာတိုးတက်လာမှုက ပြန်လည်လျော့ပါးစေခဲ့သဖြင့် GDI သည် GDP ထက် ပိုမိုမြန်ဆန်စွာတိုးတက်ခဲ့ကြောင်း BOK ၏ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။

“စီးပွားရေးတိုးတက်မှုအားကောင်းနေခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ငွေကြေးမူဝါဒပြုပြင်ချိန်ညှိရာတွင် အတားအဆီးနည်းပါးစေကြောင်း၊ ထို့အပြင် စီးပွားရေးတိုးတက်မှုအားနည်းနေချိန်တွင် ငွေကြေးဖောင်းပွမှုမြင့်မားနေပါက မူဝါဒချမှတ်သူများအတွက် ရွေးချယ်မှုများ ပိုမိုခက်ခဲလာကြောင်း၊ ယခုအခြေအနေသည် ငွေကြေးမူဝါဒဆောင်ရွက်ရာတွင် ပိုမိုလွတ်လပ်မှုရရှိစေပြီး၊ ငွေကြေးဖောင်းပွမှုကို ထိရောက်စွာကိုင်တွယ်နိုင်မည့် အခွင့်အလမ်းပိုမိုပေးနိုင်ကြောင်း” Shin က ထပ်လောင်း၍ ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် တောင်ကိုရီးယားဗဟိုဘဏ်(Bank of Korea- BOK) သည် အခြေခံအတိုးနှုန်း(Benchmark Interest Rate)ကိုမပြောင်းလဲဘဲ ထိန်းသိမ်းထားခဲ့သော်လည်း ငွေကြေးဖောင်းပွမှုဆက်လက်မြင့်မားနေခြင်း၊ စီးပွားရေးတိုးတက်မှုအားကောင်းနေခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်မှုများကြောင့် အနာဂတ်တွင် ငွေကြေးမူဝါဒပိုမိုတင်းကျပ်လာနိုင်ကြောင်း အရိပ်အမြွက် ပြသခဲ့ပါသည်။

အိမ်ရာဈေးနှုန်းများ၊ အိမ်ထောင်စုကြွေးမြီများနှင့် ငွေလဲနှုန်းများကိုကြည့်မည်ဆိုပါက ညွှန်းကိန်းအားလုံးသည် တူညီသောဦးတည်ချက်ကို ပြသနေကြောင်း၊ ထို့ပြင် Semiconductor ကဏ္ဍ၏ အားကောင်းသောစွမ်းဆောင်ရည်ကြောင့် Nominal GDP တိုးတက်မှုသည်လည်း အလွန်မြင့်မားလာမည်ဟု ခန့်မှန်းထားကြောင်း၊ ကိုရီးယားဗဟိုဘဏ်၏ငွေကြေးမူဝါဒအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း BOK ၏ဥက္ကဋ္ဌ၏ထုတ်ဖော်ပြောကြားချက်များအရ သိရှိရပါသည်။ Top of Form

သတင်းရင်းမြစ်။ The Korea Times (1.6.2026), Yonhap News Agency(1.6.2026)

(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News