အိန္ဒိယနိုင်ငံတွင် ယခုနှစ် ခါရစ်(မိုး)စိုက်ပျိုးရာသီတွင် ပဲစင်းငုံစိုက်ပျိုးဧရိယာသည် အထူးသဖြင့် Karnataka ပြည်နယ်၊ Maharashtra ပြည်နယ်နှင့် Gujarat ပြည်နယ်တို့တွင် စိုက်ဧရိယာကျဆင်းမှုကြောင့် ယခင်နှစ်အဆင့်ထက် နောက်ကျကျန်ခဲ့ကြောင်း၊ အဆိုပါပြည်နယ်များရှိ တောင်သူအချို့သည် ပြောင်း၊ ဝါဂွမ်းနှင့်ဆီထွက်သီးနှံများကဲ့သို့ အခြားဝင်ငွေကောင်းသောသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။ သို့ရာတွင် Telangana ပြည်နယ်တွင်မူ ယခုနှစ် ပဲစင်းငုံစိုက်ပျိုးဧရိယာတိုးတက်လာကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်က ဖော်ပြသည်။
လက်ရှိအချိန်အထိ ပဲစင်းငုံစိုက်ပျိုးဧရိယာ ၈ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၂၅ ရက်နေ့အထိ ဟက်တာ ၃၄ ဒသမ ၉၀ သိန်း(၃.၄၉ သန်း ဟက်တာ)ခန့်စိုက်ပျိုးထားပြီး ယခင်နှစ်အလားတူကာလက ဟက်တာ ၃၇ ဒသမ ၉၉ သိန်း(၃.၇၉၉ သန်း ဟက်တာ)စိုက်ပျိုးထားရှိခဲ့ကြောင်းသိရသည်။ ပုံမှန်အတိုင်းဆိုပါက ဟက်တာ ၄၄ ဒသမ ၇၁ သိန်း(၄.၄၇၁ သန်းဟက်တာ)စိုက်ပျိုးနိုင်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။
ဇူလိုင်လ ၂၅ ရက်နေ့အထိ Karnataka ပြည်နယ်၏ ပဲစင်းငုံစိုက်ပျိုးဧရိယာသည် ဟက်တာ ၁၃ ဒသမ ၀၁ သိန်း(၁.၃၀၁ သန်း ဟက်တာ)(ယခင်က ဟက်တာ ၁၅ ဒသမ ၄၂ သိန်း)ရှိကြောင်း သိရသည်။ အဆိုပါပြည်နယ်သည် ဟက်တာ ၁၆ ဒသမ ၈၀ သိန်း(၁.၆၈ သန်း ဟက်တာ)စိုက်ပျိုးရန် ပန်းတိုင်ရည်မှန်းချက်ထားခဲ့ကြောင်း သိရသည်။ ပဲစင်းငုံအများဆုံးထုတ်လုပ်သည့် Kalaburagi ခရိုင်တွင် ဧရိယာဟက်တာ ၅ ဒသမ ၃၅ သိန်း(၅၃၅,၀၀၀ ဟက်တာ)ရှိခဲ့ကြောင်းသိရသည်။ စိုက်ပျိုးခြင်းလုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် အဆိုပါဧရိယာသည် ဟက်တာ ၆ သိန်း(၆၀၀,၀၀၀ ဟက်တာ)ဝန်းကျင်အထိ ထပ်မံတိုးမြင့်လာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ပဲစင်းငုံဈေးနှုန်းနိမ့်ကျနေခြင်းကြောင့် တောင်သူအချို့သည် ပြောင်း၊ ဝါဂွမ်းနှင့် ကြံသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Kalaburagi ခရိုင်ရှိ Karnataka Pradesh Red Gram Growers Association ဥက္ကဋ္ဌ Basavaraj Ingin က ဈေးကွက်ပေါက်ဈေးကျဆင်းမှုကြောင့် ယခုနှစ်တွင် စိုက်ပျိုးဧရိယာလျော့နည်းနိုင်ကြောင်း ပြောကြားခဲ့သည်။ ပဲစင်းငုံဈေးနှုန်းများသည် Kalaburagi ခရိုင်တွင် ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၅,၃၀၀-၆,၇၀၀ ဝန်းကျင်တွင်ရှိနေပြီး အနည်းဆုံးပံ့ပိုးဈေးနှုန်း(Minimum support price-MSP) ရူပီး ၈,၀၀၀ အောက် များစွာနိမ့်ကျလျက်ရှိကြောင်း တွေ့ရှိရသည်။
ပြည်ပမှ ပဲစင်းငုံအများအပြားတင်သွင်းမှုကြောင့် ပြည်တွင်းဈေးနှုန်းများအပေါ် ဖိအားဖြစ်ပေါ်လျက်ရှိသည်ကို တွေ့မြင်ရပြီး အိန္ဒိယအစိုးရသည် ပဲစင်းငုံအကောက် ခွန်မဲ့တင်သွင်းမှုကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိသက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူပင် Maharashtra ပြည်နယ်တွင် ပဲစင်းငုံစိုက်ပျိုးဧရိယာသည် ယခင်နှစ်ထက် အနည်းငယ်နိမ့်ကျလျက်ရှိကြောင်း တွေ့ရှိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့အထိ အဆိုပါပြည်နယ်တွင် ပဲစင်းငုံစိုက်ပျိုးဧရိယာဟက်တာ ၁၁ ဒသမ ၄၄ သိန်း (ယခင်က ဟက်တာ ၁၁ ဒသမ ၆၀ သိန်း)ရှိကြောင်း သိရသည်။ ထို့ပြင် Gujarat ပြည်နယ်တွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့အထိ ပဲစင်းငုံစိုက်ပျိုးဧရိယာသည် ဟက်တာ ၁ ဒသမ ၅၅ သိန်း(ယခင်က ဟက်တာ ၁ ဒသမ ၉၆ သိန်း)ဖြင့် နိမ့်ကျနေခဲ့ကြောင်းတွေ့ရှိရသည်။ Andhra Pradesh ပြည်နယ်တွင်လည်း ဇူလိုင်လ ၂၃ ရက်နေ့အထိ ပဲစင်းငုံစိုက်ပျိုးဧရိယာသည် ၆၈,၀၀၀ ဟက်တာ(ယခင်က ၈၂,၀၀၀ ဟက်တာ)အသီးသီးရှိခဲ့ကြောင်း သိရသည်။
တစ်ခုတည်းသောခြွင်းချက်မှာ Telangana ပြည်နယ်ဖြစ်ပြီး ယခုနှစ်တွင် တောင်သူများသည် ပဲစင်းငုံစိုက်ပျိုးဧရိယာကို တိုးမြှင့်ခဲ့ကြကြောင်းတွေ့ရှိရသည်။ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နောက်ဆုံးရရှိသော အချက်အလက်များအရ ဇူလိုင်လ ၂၃ ရက်နေ့အထိ ပဲမျိုးရင်းဝင်သီးနှံစိုက်ပျိုးဧရိယာသည် ဟက်တာ ၄ ဒသမ ၂၁ သိန်း (ယခင်က ဟက်တာ ၃ ဒသမ ၆၅ သိန်း)ရှိခဲ့ကြောင်း သိရ သည်။
"တောင်သူအချို့က ပြောင်းဖူးလိုမျိုးဝင်ငွေကောင်းတဲ့ သီးနှံတွေဘက်ကို ပြောင်းလဲစိုက်ပျိုးနေတာတွေ့ရတဲ့အတွက် ဒီနှစ်မှာ ပဲစင်းငုံစိုက်ပျိုးဧရိယာဟာ ၅-၁၀ ရာခိုင် နှုန်းလောက်ကျဆင်းနိုင်ပါတယ်"ဟု Latur မြို့မှ စက်ပိုင်ရှင် Nitin Kalantri က ပြောကြားခဲ့သည်။
"ပဲစင်းငုံဈေးနှုန်းတွေဟာ ပေါများတဲ့ရောင်းလိုအားအခြေအနေကြောင့် မနှစ်ကနဲ့ယှဉ်ရင် ၄၀ ရာခိုင်နှုန်းလောက်ကျဆင်းနေပါတယ်။ ဒီနှစ်မှာ စိုက်ဧရိယာကျဆင်းပါလိမ့်မယ်" ဟု iGrain India မှ Rahul Chauhan က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံတင်သွင်းမှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁၂ ဒသမ ၂၃ သိန်းအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ်က တန်ချိန် ၇ ဒသမ ၇၁ သိန်းသာရှိခဲ့ကြောင်း သိရသည်။
Source: The Hindu Businessline, Indian pigeonpea area down 8% so far as farmers eye other crops in key producing States, July 29, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)