International News

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှစတင်၍ အခြေခံလုပ်ခလစာငွေကို တစ်နာရီလျှင် ၄၂.၁ ဟောင်ကောင် ဒေါ်လာမှ ၄၃.၁ ဟောင်ကောင်ဒေါ်လာသို့ တိုးမြှင့်သတ်မှတ်

Last Updated:

ဟောင်ကောင်ဒေသအစိုးရသည် ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှစတင်၍ အခြေခံအနည်းဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၂.၁ ဟောင်ကောင်ဒေါ်လာမှ ၄၃.၁ ဟောင်ကောင်ဒေါ်လာသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်တွင် www.info.gov.hk website ၌ “New Statutory Minimum Wage rate of $ 43.1 per hour takes effect today” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အခြေခံလုပ်ခလစာငွေဥပဒေ(Minimum Wage Ordinance)အရ လခ စား၊ နေ့စား၊ နာရီအလိုက်၊ အလုပ်အမျိုးအစားအရေအတွက်အလိုက်လုပ်ကိုင်သူ၊ အမြဲတမ်းဝန်ထမ်း၊ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်း စသည်ဖြင့် မည်သည့်ပုံစံဖြင့် အလုပ်လုပ်သည်ဖြစ်စေ အလုပ်သမားအားလုံးကို အဆိုပါဥပဒေက အကာအကွယ်ပေးထားကြောင်းနှင့် ၎င်းအပြင် အလုပ်အကိုင်ဆိုင်ရာဥပဒေပါ စဉ်ဆက်မပြတ်အလုပ်ခန့်ထားမှုစာချုပ်(Continuous contract)ဖြင့်ခန့်အပ်ထားသူဟုတ်မဟုတ်အပေါ် မူတည်ခြင်းမရှိဘဲ အကျိုးခံစားခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ခြွင်းချက်အနေဖြင့် အတူနေအိမ်အကူများ(ကျား/မ၊ လူမျိုး၊ နိုင်ငံသားမခွဲခြားဘဲ)၊ ဥပဒေတွင် သတ်မှတ်ထားသော ကျောင်းသားအလုပ်သင်များ (Student interns / Work experience students)နှင့် အလုပ်အကိုင်ဆိုင်ရာဥပဒေနှင့် မသက်ဆိုင်သူများအတွက် ဤအခြေခံလုပ်ခလစာငွေသည် အကျုံးမဝင်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

မသန်စွမ်းဝန်ထမ်းများအတွက် အစီအစဉ်အနေဖြင့် မသန်စွမ်းဝန်ထမ်းများသည် အခြေခံလုပ်ခလစာငွေအပြည့်အဝရယူရန် သို့မဟုတ် ၎င်းတို့၏လုပ်ကိုင်နိုင်စွမ်းရည်(Productivity)အပေါ် မူတည်၍ သတ်မှတ်နှုန်းထားအတိုင်းရယူရန် ရွေးချယ်ခွင့်ရှိကြောင်း၊ လုပ်ကိုင်နိုင်စွမ်းရည်အလိုက်ရယူရန် ရွေးချယ်ထားသူများအတွက် အလုပ်ရှင်သည် အသစ်သတ်မှတ်ထားသော နှုန်းထားနှင့် စစ်ဆေးတွေ့ရှိရသော လုပ်ကိုင်နိုင်စွမ်းရည်ရာခိုင်နှုန်းတို့အပေါ်အခြေခံ၍ တွက်ချက်ထားသောပမာဏထက်မနည်းစေဘဲ လုပ်ခလစာပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အခြေခံလုပ်ခလစာငွေအသစ်နှင့်အတူ အလုပ်ရှင်များအနေဖြင့် အလုပ်လုပ်ချိန်မှတ်တမ်းတင်ရမည့် လစဉ်လစာသတ်မှတ်ချက်ကိုလည်း ၁၇,၂၀၀ ဟောင်ကောင်ဒေါ်လာမှ ၁၇,၆၀၀ ဟောင်ကောင်ဒေါ်လာသို့တိုးမြှင့်လိုက်ကြောင်းနှင့်အကယ်၍ ဝန်ထမ်းတစ်ဦး၏လစဉ်လစာသည် ၁၇,၆၀၀ ဟောင်ကောင်ဒေါ်လာအောက်လျော့နည်းပါက အလုပ်ရှင်သည် ထိုဝန်ထမ်း၏စုစုပေါင်းအလုပ်လုပ်ချိန်နာရီ မှတ်တမ်းကို စနစ် တကျထိန်းသိမ်းထားရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

Source: https://www.info.gov.hk/gia/general/202605/01/P2026043000261.htm

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News