International News

တရုတ်နိုင်ငံ၏ ကုန်းမြေ-ရေကြောင်းနိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ်(New International Land-Sea Trade Corridor) အား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်မှုကို မြှင့်တင်ရန်အတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative)အောက်ရှိ ကုန်းမြေ-ရေကြောင်းနိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ်(New International Land-Sea Trade Corridor-ILSTC) တည်ဆောက်ခြင်းနှင့်လမ်းကြောင်းတစ်လျှောက်ရှိ ဒေသများဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးဆောင်ရွက် ခြင်းတို့ကို ယခုနှစ် ၂၀၂၆ ခုနှစ်အတွင်း အရှိန်အဟုန်ဖြင့် မြှင့်တင်လုပ်ဆောင် လျက်ရှိပါသည်။

အဆိုပါစင်္ကြံသစ်၏အဓိကလမ်းကြောင်းဖြစ်သောဖင်လုတူးမြောင်း(Pinglu Canal) တည်ဆောက်ခြင်းကို စတင်နေပြီဖြစ်ပြီး၊သင်္ဘောများဆိုက်ကပ်မည့်အဓိကသင်္ဘော ဆိပ်ကမ်း(၃)ခုအနက် Madao Navigation Hub နှင့် Qishi Navigation Hub များတွင် ရေဖြည့်တင်းခြင်းနှင့် တူးမြောင်းတစ်လျှောက် ရေကြောင်းဆက်သွယ်နိုင်ရေး လုပ်ငန်းစဉ်များအား ဆက်တိုက်ဆောင်ရွက်လျက်ရှိပြီး “ကုန်းတွင်းနှင့် ပင်လယ်ပြင်ချိတ်ဆက်နိုင်မှု၊ အရှေ့နှင့်အနောက်နှစ်လမ်းသွားဖြင့် အပြန်အလှန်အကျိုးပြုမှု” ပုံစံသစ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ သြဂုတ်လတွင် တူးမြောင်းတစ်လျှောက်တွင် သင်္ဘောရေချခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများပြုလုပ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် သတ်မှတ်ထားသည့်အတိုင်း ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါဖင်လုတူးမြောင်းတွင် စတင်သွားလာနိုင်မည်ဆိုပါက တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းရှိ ဒေသများအတွက် အာဆီယံနိုင်ငံများသို့ လမ်းကြောင်းအတိုဆုံး၊ စီးပွားရေးအရ အသက်သာဆုံးနှင့် အဆင်ပြေဆုံးရေလမ်းခရီးစဉ်သစ်အဖြစ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့်  အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံအနောက်ပိုင်းရှိ ချုံချင့်(Chongqing)နှင့် ချန်ဒူး(Chengdu)ဈေးကွက်များကို အစပြုကာ အရှေ့၊ အလယ်နှင့် အနောက်လမ်းကြောင်းတစ်လျှောက်ရှိ ဈေးကွက်များအပါအဝင် တောင်ဘက်ပင်လယ်ပြင်သို့ တိုက်ရိုက်ဆက်သွယ်သည့် ကုန်းမြေ-ရေကြောင်းနိုင်ငံတကာကုန်သွယ်ရေးစင်္ကြံသစ်(New International Land-Sea Trade Corridor-ILSTC)သည် အဓိကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်ရန်၊ မီးရထား၊ ကုန်းလမ်းနှင့် ရေကြောင်းပေါင်းစပ်သယ်ယူပို့ဆောင်ရေးအတွက် စွမ်းဆောင်ရည်နှင့် အလိုအလျောက်စနစ်များကို မြှင့်တင်ရန်၊ အနောက်ဒေသနှင့် ကုန်းတွင်းဒေသများ၏ ချိတ်ဆက်နိုင်မှုကို အဆင့်မြှင့်တင်တွန်းအားပေးရန်တို့သည် တရုတ်နိုင်ငံ၏ မဟာဗျူဟာဆောင်ရွက်ချက်ဖြစ်ပြီး၊ ယခုစီမံကိန်းသည် တရုတ်၏ အနောက်ဒေသကြီးတစ်ခုလုံးအား နိုင်ငံတကာစီးပွားရေးနှင့်နီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး ဒေသ၏အားသာချက်များကို အသုံးချကာ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။ ယခုလမ်းကြောင်းသစ်သည် သယ်ယူပို့ဆောင်ရေးအတွက်သာမကဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကွင်းဆက်နှင့်ထောက်ပံ့ရေးကွင်းဆက်အား များစွာမြှင့်တင်ပေးလျက်ရှိသော‘ရွှေလမ်း ကြောင်း’ တစ်ခုလည်းဖြစ်ပါသည်။

လမ်းကြောင်းတစ်လျှောက် တည်ဆောက်ပြီးစီးမှုအနေဖြင့် ကွေ့ကျိုးပြည်နယ်တွင် စင်္ကြံသစ်၏ အဓိကကုန်းလမ်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်သော ဟွမ်ဘိုင်းရထားလမ်းပိုင်း(Huangbai Railway)ရှိ ရှူးဂျာပေါင်းလိုဏ်ခေါင်း(Xujiabao tunnel)သည် တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါသည်။

ယူနန်ပြည်နယ်တွင် အနောက်ဘက်ကုန်းမြေနှင့် ပင်လယ်ထိစပ်ရာနေရာတစ်လျှောက်တွင် အဓိကနေရာတစ်ခုဖြစ်သည့် ဝမ်းရှန်းမှ မိန်းဇီးသို့ ရထားလမ်း (Wenshan-Mengzi Railway)ပေါ်ရှိ တံတား ၄၆ စင်းတည်ဆောက်မှုကို စတင်တည်ဆောက်လျက်ရှိပြီး ယူနန်အရှေ့တောင်ပိုင်းတွင်လည်း ကုန်းလမ်းကြောင်းတစ်လျှောက်၏ အဓိကလမ်းဆုံလမ်းမကြီးများတည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

အခြေခံအဆောက်အအုံပိုင်းဆိုင်ရာချိတ်ဆက်မှု(Hard Connectivity)မြင့်တက်လာသည်နှင့်အမျှ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မှု(Soft Connectivity)လည်း အရှိန်အဟုန်ဖြင့်ပြည့်စုံလာမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့ဈေးကွက်ချိတ်ဆက်နိုင်မှုတို့ကိုပါ မြင့်တက်လာစေမည့် စီမံကိန်းဖြစ်ပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative)လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ၊ ဒေသများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာမူဝါဒများ၊ ပို့ကုန်သွင်းကုန်နှင့် အကောက်ခွန်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ ထုတ်ကုန်စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ ထုံးတမ်းစဉ်လာနှင့် ယဉ်ကျေးမှုများ၊ နယ်စပ်ဖြတ်ကျော်ကုန်စည်ရောင်းဝယ်မှုနှင့် အီးကောမတ်စ်ပလက်ဖောင်းတို့၏ ထိရောက်သော ဆက်သွယ်မှုများ စသည်တို့ကိုပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး လမ်းကြောင်းသစ်၏ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို မျှဝေသုံးစွဲနိုင်မည်ဖြစ်ပါသည်။

ယခုအခါ အနောက်ဘက်ဒေသကုန်းရေလမ်းကြောင်းသစ်တွင် ဆက်သွယ်ရေးလမ်းကြောင်း (၇၀)မှ(၂၀၀)ကျော်အထိတိုးမြင့်လာပြီး တရုတ်နိုင်ငံ၏ပြည်နယ်နှင့် မြို့ပေါင်း(၁၈)ခုအထိ လွှမ်းခြုံ ချိတ်ဆက်ထားပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း(၁၂၈)ခုရှိ ဆိပ်ကမ်းပေါင်း(၅၉၂)ခုအထိ ဆက်သွယ်နိုင်ခဲ့ပြီဖြစ်ပါသည်။ သယ်ယူပို့ဆောင်သည့် ကုန်စည်အမျိုးအစားများမှာ အမျိုးအစားပေါင်း(၈၀)ကျော်မှ အမျိုးအစား(၁၃၀၀)ကျော်အထိတိုးချဲ့၍ တင်သွင်းတင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ်ပထမ ၄ လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနောက်ဒေသကုန်းရေလမ်းကြောင်းသစ်မှတစ်ဆင့် တင်သွင်းတင်ပို့မှုပမာဏမှာ ယွမ် ၅၆၈၂.၄ ဘီလီယံ(ခန့်မှန်း)ရှိပြီး ယမန်နှစ် အလားတူကာလထက် ၁၇ ရာခိုင်နှုန်းတိုးတက်လာခြင်း ဖြစ်ပါသည်။ ယင်းတိုးတက်မှုသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်သစ်ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်မှုကိုမြှင့်တင်ရန် ကုန်းရေလမ်းကြောင်းအသစ်ဖြစ်သော Belt and Road Initiative အောက်ရှိ New International Land-Sea Trade Corridor အား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် ဖင်လုတူးမြောင်း(Pinglu Canal)ပြီးစီးပါက တရုတ်အနောက်တောင်ပိုင်းဒေသမှ အာဆီယံသို့ တိုတောင်း၍ ကုန်ကျစရိတ်သက်သာသော ရေလမ်းခရီးစဉ်အသစ်ပေါ်ထွန်းလာမည်ဖြစ်ပါသည်။

(လဲ့လဲ့နှင်း၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News