International News

ဟောင်ကောင်တရားစီရင်ရေးဌာနက ဟောင်ကောင်နိုင်ငံတကာ ကုန်သွယ်ရေးတရားရုံး တည်ထောင်ရန် စတင်မည့်အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာ

Last Updated:

ဟောင်ကောင်တရားစီရင်ရေးဌာနသည် ရှုပ်ထွေးပြီး ငွေကြေးပမာဏကြီးမားသည့် နိုင်ငံတကာ နှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို အထူးပြုကိုင်တွယ်ဖြေရှင်းပေးမည့် ဟောင်ကောင်နိုင်ငံတကာကုန်သွယ်ရေးတရားရုံး(Hong Kong International Commercial Court-HKICC)ကို လာမည့်တစ်နှစ်အတွင်း တည်ထောင်ရန်စီစဉ်နေကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်တွင် www.info. gov.hk website ၌ “Hong Kong Judiciary announces initiative to establish Hong Kong International Commercial Court” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ထားပါသည်။

ဟောင်ကောင်နိုင်ငံတကာကုန်သွယ်ရေးတရားရုံး(HKICC)ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက်ငါးနှစ်အမျိုးသားစီမံကိန်းနှင့်အညီ ဟောင်ကောင်ဒေသကို နိုင်ငံတကာဘဏ္ဍာရေးဗဟိုချက်အဖြစ်လည်းကောင်း၊ ကမ္ဘာ့အဆင့်မီနိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေးဗဟိုချက်တစ်ခုအဖြစ် လည်း ကောင်း ရပ်တည်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

HKICC တည်ထောင်ခြင်းသည် "တစ်နိုင်ငံ၊ စနစ်နှစ်ခု"မူအရ ဟောင်ကောင်ဒေသ ၏တရားစီရင်ရေးစနစ်တွင် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာနှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ငန်းများပိုမိုများပြားလာပြီး အမှုအခင်းများပိုမိုရှုပ်ထွေးလာခြင်းအတွက် တုံပြန်ဆောင်ရွက်ချက်တစ်ခုဖြစ်ပါကြောင်း၊ အငြင်းပွားမှုများကိုဖြေရှင်းရန် အထူးပြု တရားစီရင်ရေးကျွမ်းကျင်မှုအပြင် ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် ထိရောက်မှုတို့ကိုမြှင့်တင်ရန်အတွက် သင့်လျော်သည့် တရားရုံးလုပ်ထုံးလုပ်နည်းများနှင့် အလေ့ အကျင့်များလိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းရန် HKICC ကိုတည်ထောင်ခြင်းဖြစ်ပြီး ရိုးရာဥပဒေတွင် ခိုင်မာစွာအမြစ်တွယ်နေသော ဟောင်ကောင်တရားစီရင်ရေးစနစ်၏ အဓိကတန်ဖိုးများနှင့် ကာကွယ်မှုများကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း  ဖော်ပြထားပါသည်။

HKICC သည် ဟောင်ကောင်၏ လက်ရှိအငြင်းပွားမှုဖြေရှင်းရေးမူဘောင်ကို အားဖြည့်ပေးမည်ဖြစ်ပြီး ခုံသမာဓိနှင့် ကြားဝင်စေ့စပ်ပေးမှုတို့နှင့်အတူ HKICC သည် နိုင်ငံတကာနှင့် နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်ရေးတွင် ပါဝင်ပတ်သက်နေသူများအား အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ရွေးချယ် စရာနည်းလမ်းများစွာကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အဆိုပါတရားရုံးသည် သက်ဆိုင်ရာအပြန်အလှန် သဘောတူညီချက်များနှင့်အညီ ပွင့်လင်းမြင်သာမှု၊ အခွင့်အာဏာရှိသော တရားစီရင်ရေးဆုံးဖြတ်ချက်များ၊ အယူခံလုပ်ငန်းစဉ်နှင့် တရုတ်ပြည်မကြီး၏အသိအမှတ်ပြုမှုနှင့် အကောင်အထည်ဖော်ခြင်းအပါအဝင် တရားစီရင်ရေးလုပ်ငန်းစဉ်၏ ထူးခြားသောအားသာချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ဖော်ပြထားပါသည်။

အဆိုပါတရားရုံးသစ်တွင် ကုန်သွယ်မှုဥပဒေဆိုင်ရာ အတွေ့အကြုံရင့်ကျက်သည့် ဒေသခံတရားသူကြီးများက ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး လိုအပ်ပါက အခြားသော Common Law ကျင့်သုံးသည့် ပြည်ပနိုင်ငံများမှ ထင်ရှားကျော်ကြားသော ဝါရင့်တရားသူကြီးများနှင့် ဥပဒေပညာရှင်များကိုလည်း လက်ရှိဥပဒေဘောင်နှင့်အညီ ကိစ္စရပ်အလိုက်ဖိတ်ခေါ်၍ စီရင်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ အထူးပြုနယ်ပယ်များတွင် တရားသူကြီးများကိုကူညီရန် အကဲဖြတ်သူများနှင့် ကျွမ်းကျင်သူ များကို သင့်လျော်သည့်နေရာတွင် ငှားရမ်းနိုင်ပါကြောင်း၊ ဤအစီအစဉ်များသည် HKICC ၏ကျွမ်းကျင်မှုနှင့် နိုင်ငံတကာရပ်တည်မှုကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဟောင်ကောင်ဥပဒေအပေါ် ခိုင်မာစွာအခြေခံထားစဉ် နိုင်ငံတကာအကောင်းဆုံးလုပ်ဆောင်မှုများနှင့်အညီ ၎င်း၏တရားစီရင်ရေးပညာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

HKICC ကို တရားလွှတ်တော်ချုပ်၏ဌာနခွဲတစ်ခုအဖြစ် တည်ထောင်ရန် လိုအပ်သော ဥပဒေဘောင်ကို တရားလွှတ်တော်ချုပ်အမိန့်နှင့် စည်းမျဉ်းများက ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ HKICC အတွက် ၎င်း၏တရားစီရင်ပိုင်ခွင့်အတွင်းရှိ အမှုအမျိုးအစားများကို သတ်မှတ်ရန်နှင့် အသေးစိတ်တရားရုံး လုပ်ထုံးလုပ်နည်းများကိုချမှတ်ရန် သီးခြားလုပ်ဆောင်မှုညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်မည်ဖြစ်ပါ ကြောင်း၊ ၎င်းတို့တွင် တရားစွဲဆိုမှုလုပ်ငန်းစဉ်ကို ချောမွေ့စေရန်၊ အယူခံများကိုကိုင်တွယ်ရာတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော စနစ်တစ်ခုပံ့ပိုးပေးရန်နှင့် အခြားနိုင်ငံတကာကုန်သွယ်ရေးတရားရုံး များ၏ အကောင်းဆုံးလုပ်ဆောင်မှုများကိုရည်ညွှန်း၍ အမှုများနှင့်အယူခံများကို အချိန်မီဖြေရှင်းနိုင်စေရန် လုပ်ဆောင် ချက်များပါဝင်မည်ဖြစ်ပါကြောင်း၊ ဥပဒေကြောင်းအရ အမှုစစ်ဆေးရာတွင် ပိုမို မြန်ဆန်သွက်လက်စေရန်အတွက် အဝေးရောက်ကြားနာခြင်း(Remote Hearings) ၊ အီလက်ထရွန်နစ်စနစ်ဖြင့် စာရွက်စာတမ်းတင်သွင်းခြင်း(Electronic Filing)နှင့် အသံမှစာသားသို့ ပြောင်းလဲပေးသည့်စနစ်(Voice-to-text Transcription)စသည့်ခေတ်မီနည်းပညာများကို တွင်ကျယ်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

HKICC တည်ထောင်ခြင်းသည် တရားစီရင်ရေးထူးချွန်မှုနှင့် ကျွမ်းကျင်မှုအပေါ် ၎င်း၏ခိုင်မာသော ကတိကဝတ်ကို ကိုယ်စားပြုပြီး အငြင်းပွားမှုဖြေရှင်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာဥပဒေနှင့် ကုန်သွယ်ရေးအသိုင်းအဝိုင်းအတွင်း ဟောင်ကောင်၏ ရပ်တည်မှုကို အားကောင်းစေပါကြောင်း တရားစီရင်ရေးဌာနက အလေးပေးပြောကြားခဲ့ပါကြောင်း၊ လာမည့်နှစ်အတွင်း HKICC ကိုတည်ထောင်ရန် ပြင်ဆင်မှုလုပ်ငန်းများကိုလုပ်ဆောင်နေပြီဖြစ်ပြီး အကျိုးတူပါဝင်သူများ၊ အထူးသဖြင့် ဥပဒေပညာရှင်များနှင့် အချိန်မီတိုင်ပင်ဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source; Hong Kong Judiciary announces initiative to establish Hong Kong International Commercial Court

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News