International News

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဆန်သိုလှောင်သိမ်းဆည်းထားသူများကို အရေးယူမည်ဖြစ်ကြောင်း သတိပေးပြောကြား

Last Updated:

ဆန်သိုလှောင်သိမ်းဆည်းထားသည့် မည်သူကိုမဆို တွေ့ရှိပါက ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim က သတိပေးပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် ဆန်ဈေးနှုန်းအလွန်အမင်းမြင့်တက်ခြင်း၊ ဈေးကွက်တွင် ဆန်ပမာဏ မလုံလောက်ခြင်းတို့သည် ပြည်တွင်းဆန်များကို သိုလှောင်ထားမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

မလေးရှားနိုင်ငံသည် နိုင်ငံ၏ဆန်စားသုံးမှုလိုအပ်ချက် ၃၈ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ဆန်ထုတ်လုပ်သည့်ထိပ်တန်းနိုင်ငံများ၏ ဆန်နှင့်စပ်လျဉ်းသည့် ပို့ကုန်ကန့်သတ်ချက်များကြောင့် ထိခိုက်ခံရသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့ပါသည်။ ထိုသို့ကန့်သတ်ချက်များကြောင့် နိုင်ငံအတွင်း ဆန်ကို အလုအယက်ဝယ်ယူမှုများဖြစ်ပွားခဲ့ပြီး ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပါသည်။

ပြည်သူအများက ဆန်ရရှိရန် ရုန်းကန်နေရချိန်တွင် အဆိုပါအခြေအနေအပေါ် အခွင့်အရေးယူသည့် မည်သူကိုမဆို တရားစွဲ၍ တရားရုံးတွင် ဖြေရှင်းရအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေးဝန်ကြီးဌာန(The Agriculture and Food Security Ministry)ကိုလည်း ဆန်သိုလှောင်သိမ်းဆည်းမှုကို ထိန်းချုပ်နိုင်ရေးကြပ်မတ်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို ပြုလုပ်သွားရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် တင်သွင်းသည့်ဆန်ဖြူ၏ ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပါသည်။ ဆန်ဈေးနှုန်းမြင့်တက်မှုကို ကျဆင်းရန်အတွက် Sabah ပြည်နယ်နှင့် Sarawak ပြည်နယ်များတွင် တင်သွင်းသည့်ဆန်ဖြူတစ်တန်အပေါ် အစိုးရက မလေးရှားရင်းဂစ် ၉၅၀ ထောက်ပံ့ပေးခြင်းအပါအဝင် လုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ကြေညာခဲ့ပါသည်။ ထိုသို့ထောက်ပံ့ပေးမည့်အစီအစဉ်မှာ အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပါသည်။ ဆန်အပေါ်ထောက်ပံ့မှုအနေဖြင့် ရင်းဂစ်သန်း ၄၀၀ ကို စစ်စခန်းများ၊ ရဲစခန်းများ၊ ကျောင်းအဆောင်များစသည့် အစိုးရဌာနများသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ဈေးကွက်တွင် ပြည်တွင်းဆန်လုံလုံလောက်လောက်ရရှိစေရေးအတွက် ပြည်တွင်းဆန်မျိုးရင်းများနေရာတွင် အစားထိုးတင်သွင်းသည့်ဆန်ဖြူကို ဝယ်ယူခြင်း၌ အစိုးရနှင့်ချုပ်ဆိုထားသည့် ဆန်ဝယ်ယူရေးစာချုပ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News