International News

အိန္ဒိယ EV လုပ်ငန်းမှ ယူအေအီးနှင့်အရှေ့အလယ်ပိုင်းလုပ်ငန်းသုံးကားစျေးကွက်ကို မျက်စိကျ

Last Updated:

Planet Electric အိန္ဒိယ EV လုပ်ငန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ပထမဆုံး EV ထုတ်ကုန်မိတ်ဆက်ပွဲကို စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါ သည်။ စီးပွားဖြစ်လျှပ်စစ်ကား(EV)အသုံးပြုမှုကို အာရုံစိုက်သည့် အိန္ဒိယနိုင်ငံမှ EV လုပ်ငန်းကို စတင်တည်ထောင်သည့်ကုမ္ပဏီကြီးဖြစ်သော Planet Electric သည် Material Engineering ဆန်းသစ်မှုများကိုအသုံးပြု၍ အိန္ဒိယ၏ပထမဆုံးသော လျှပ်စစ်ကုန်တင်ယာဉ်ကို ၂၀၂၄ ခုနှစ်ဇွန်လတွင် စတင်ရောင်းချနိုင်ရန် မျှော်လင့်ထားပြီး ယူအေအီးနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသသည် ၎င်းတို့၏ထုတ်ကုန်များကို တင်ပို့ရန်မျှော်လင့်ထားသည့် ပထမဆုံးသောစျေးကွက်ဖြစ်လာခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ပေါက်ကွဲအင်ဂျင်သုံးယာဉ်(ICE)တင်ကုန်တင်သင်္ဘောများ၏ ၂၀ ရာခိုင်နှုန်း(နောက်ဆုံးမိုင်နှင့်ခရီးတိုအများစု၊ အပေါ့စားယာဉ်(LCV)အားလုံး)သည် ၂၀၃၀ ခုနှစ်တွင် လုံးဝလျှပ်စစ်ဓာတ်အားဖြင့် အသုံးပြု၍ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း Planet Electric EV လုပ်ငန်းတွဲဖက်တည်ထောင်သူ Gagan Agrawal က အင်တာဗျူးတစ်ခုတွင် Khaleej Times သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အိန္ဒိယ၊ APAC နှင့် MEA ဈေးကွက်အတွက် နည်းပညာကိုမှန်ကန်စွာတည်ဆောက်နိုင်ပါက ၎င်းသည် စီးပွားရေးဆိုင်ရာကစားကွက်အပြောင်းအလဲဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ကုမ္ပဏီသည် လက်ရှိတွင် ၎င်း၏ပထမဆုံးယာဉ်၏ရှေ့ပြေးပုံစံကို အိန္ဒိယနိုင်ငံ၊ Gurgaon ဒေသရှိ Manesar မြို့မှ ၎င်း၏စက်ရုံတွင်တည်ဆောက်လျက်ရှိပါသည်။ ၎င်း၏ဖောက်သည်များအား စမ်းသပ်မှုပြီးဆုံးသည့်ဖေဖော်ဝါရီလတွင် အရှိန်အဟုန်ပိုမိုရရှိလာမည်ဖြစ်ပြီး လောလောဆယ်တွင် အခြားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ(3PL)သင်္ဘောများနှင့် ကုန်တင်ကုန်ချသင်္ဘောကုမ္ပဏီအများအပြားတို့မှ ၎င်းတို့အား စိတ်ဝင်စားမှုစာလွှာ(LoI)ပေးခဲ့သလို သို့မဟုတ် ပေးရန်အတွက် အဆင်သင့်ဖြစ်နေလျက်ရှိပြီး ၎င်းတို့မှ လုပ်ငန်းကို မရပ်မနားဆက်လက်ရှေ့ဆက်သွားမည်ဖြစ်ကာ ရန်ပုံငွေရှာဖွေရန်အတွက် ဖြေရှင်းရမည့်ကိစ္စသည် ၎င်းတို့အတွက် နောက်ထပ်လုပ်ဆောင်ရမည့်အချက်တစ်ခုဖြစ်ကြောင်း Agrawal က ဆိုပါသည်။

Gagan နှင့်၎င်း၏ပူးတွဲတည်ထောင်သူ Prakhar Agarwal တို့သည် အိန္ဒိယအာကာသသုတေသနအဖွဲ့တွင် ယခင်ကလက်တွဲလုပ်ကိုင်ခဲ့ဖူးသော အင်ဂျင်နီယာများဖြစ်ပြီး ၎င်းတို့မှာ အဓိကအားဖြင့် Materials Engineering ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် အဆိုပါပညာရပ်ကို EV ကဏ္ဍတွင်အသုံးချ၍ မော်တော်ယာဉ်များအား တည်ဆောက်သွားရန်စီစဉ်ထားရှိပြီး ထိရောက်သောလျှပ်စစ်ဓာတ်အားရရှိစေရန် စီစဉ်ထားကာ အလွန်အကြမ်းခံပြီး ပျက်စီးမှုဒဏ်ကိုခံနိုင်ရည်ရှိ၍ ပေါ့ပါးသည့်အကျိုးသက်ရောက်မှုရရှိစေရန်အတွက် ၎င်းတို့မှထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအသုံးချမှုများအတွက် ပေါင်းစပ်သတ္တုပစ္စည်းများအသုံးပြုထားသည့် ကိုယ်ထည်ဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ပထမဆုံးထွက်ရှိလာလိမ့်မည်ဖြစ်ကြောင်း Agrawal မှ ပြောကြားခဲ့ပါသည်။

မော်တော်ယာဉ်များကို စတင်ထုတ်လုပ်ပြီးသည်နှင့် Planet Electric သည် အရှေ့အလယ်ပိုင်းတွင် အရောင်းပြခန်းတစ်ခုတည်ဆောက်သွားရန်စီစဉ်လျက်ရှိပြီး ယာဉ်ပုံစံအချက်အလက်များမှာ ဒေသတွင်းဝယ်လိုအားနှင့်ကိုက်ညီမှုရှိပြီး ၎င်းမှာဆော်ဒီနှင့် ယူအေအီးကဲ့သို့သော ထင်ရှားသည့်နိုင်ငံများတွင်သာမကဘဲ လမ်းအခြေခံအဆောက်အအုံနှင့် နိုင်ငံအချင်းချင်းထောက်ပံ့ပို့ဆောင်ရေးများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် မြောက်နှင့်အရှေ့ဒေသများရှိ အာဖရိကနိုင်ငံအစုအဖွဲ့များတွင်ပါ ဒေသလိုအပ်ချက်များနှင့် ကိုက်ညီစေမည်ဖြစ်ကြောင်း Agrawal က ပြောကြားခဲ့ပါသည်။

Planet Electric က ပေါ့ပါးသော ဆန်းသစ်တီထွင်မှုဖြင့် ပို့ဆောင်ပေးသည့် ၎င်း၏ EV ကုန်တင်ကားတစ်စီးစီတွင် ဘက်ထရီအသုံးပြုမှုကို ၃၅ မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လိမ့်မည်ဟု ဆိုပါသည်။ ထို့အပြင် ၎င်းတို့၏မော်တော်ယာဉ်စုစုပေါင်းအလေးချိန်သည် များစွာပေါ့ပါးသည့် အတွက် သံမဏိ အသုံးပြုထားသောယာဉ်များထက် ကာဗွန်ခြေရာကို လျှော့ချပေးမည်ဖြစ်ပြီး ပေါင်းစပ်ထားသော ၎င်းတို့၏ EV ယာဉ်များသည် ရှေးရိုးစွဲ ICE မော်တော်ယာဉ်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅၈ တန်ကျော်ကို သက်သာစေမည်ဖြစ်ပြီး EV ထရပ်ကားတစ်စီးလျှင် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် ၁၀၀ အထိ သက်သာစေမည်ဖြစ်ကာ လက်ရှိအသုံးပြုနေသည့် EV ယာဉ်များနှင့် ၎င်းတို့၏ဆန်းသစ်တီထွင်ထားသော EV ယာဉ်များနှိုင်းယှဉ်၍ ကီလိုမီတာ/တန်အရတွက်ချက်ကြည့်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် ၃၀ ကျော် ပို၍သက်သာစေမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ဘက်ထရီလျှော့ချခြင်းနှင့် အပိုလေခွင်းအားလျှော့ချခြင်းတို့နှင့်အတူ ကုန်ကျစရိတ်သက်သာစွာဖြင့် ထုတ်လုပ်ထားသော ၎င်းတို့ယာဉ်၏ နောက်ဆုံးကုန်ကျစရိတ်သည် ညီမျှသောအခြေခံဖြင့် ၃၅ မှ ၄၀ % သို့ကျဆင်းသွားသည်(သွားနိုင်သည့်အကွာအဝေးနှင့် သယ်ဆောင်နိုင်မှုအတူတူပင်ဖြစ်သည်)ဟု Agrawal မှ ပြောကြားခဲ့ပါသည်။ ဤအချက်သည် ၎င်းတို့၏ဖောက်သည်များအတွက် အလွန်အရေးကြီးပြီး EV ယာဉ် များအား လက်ခံအသုံးပြုလာစေမှုအပေါ်တွင် ၎င်းတို့အားလုံးမျှော်လင့်ထားသည်ထက်များစွာ မြင့်မားစေလာမည်ဖြစ်ကာ ၎င်းတို့၏အမြင့်မားဆုံးသောအာရုံစူးစိုက်မှုသည် EV အသုံးပြုမှုကို တွင်ကျယ်လာစေရန်အတွက် ပိုမိုဆန်းသစ်တီထွင်သွားရန်ဖြစ်ပြီး ၎င်းသည် သုံးစွဲသူများထံမှ အလွန်ကောင်းမွန်သော သုံးသပ်ချက်များကိုရရှိနေသည့် ဖြေရှင်းချက်တစ်ခုဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ရန်ပုံငွေကိစ္စနှင့်ပတ်သက်၍ စက်ရုံတည်ဆောက်ရာတွင် EV အစီးရေ(၄၀၀၀)ကို ကာမိစေရန်အတွက် နောက်ထပ်ပစ်မှတ်တစ်ခုမှာ အမေရိကန်ဒေါ်လာ(၅.၅)သန်းကိုရရှိရန်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသဈေးကွက်အား ချဲ့ထွင်ရန်အတွက် စက်ရုံကြီးတစ်ခုထူထောင်ဖို့ အိန္ဒိယနိုင်ငံတွင် တိုးချဲ့မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Agrawal မှ ဆက်လက်ပြောကြားခဲ့ပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ယူအေအီးနိုင်ငံ၏လျှပ်စစ်ကား(EV)စျေးကွက်သည် ကြီးထွားလာပြီး လျှပ်စစ်စွမ်းအင်အသုံးပြု၍ ရွေ့လျားသွားလာနိုင်ရန်အတွက် ယူအေအီးအစိုးရသည် ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်းသောသယ်ယူပို့ဆောင်ရေးကို တက်ကြွစွာမြှင့်တင်လျက်ရှိပါသည်။ လျှပ်စစ်မော်တော်ယာဉ်များ လက်ခံကျင့်သုံးခြင်းကို အားပေးရန်အတွက် မက်လုံးများ၊ ပံ့ပိုးမှုများနှင့် မူဝါဒအမျိုးမျိုးကို အများပြည်သူသို့ မိတ်ဆက်ပေးခဲ့ပြီး မော်တော်ယာဉ်အုပ်စုဝေစုများတွင် လျှပ်စစ်မော်တော်ယာဉ်ဝေစုကို တိုးမြှင့်ရန် ရည်မှန်းချက်ကြီးကြီးမားမားချမှတ်ထားပါသည်။ ယူအေအီးနိုင်ငံတစ်ဝှမ်း EV အားသွင်းသည့် အခြေခံအဆောက်အအုံများတိုးချဲ့ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိပါသည်။ ခရီးဝေး သွားလာမှုကို အထောက်အကူဖြစ်စေရန်အတွက် အဓိကမြို့ကြီးများနှင့် အဓိကလမ်းမကြီးများတစ်လျှောက် အားသွင်းစခန်းများကို တည်ဆောက် ခဲ့ပါသည်။

EV မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် နည်းပညာကုမ္ပဏီများသည် ယူအေအီးစျေးကွက်သို့ လျှပ်စစ်မော်တော်ယာဉ်များနှင့် အားသွင်းခြင်းဆိုင်ရာ ဖြေရှင်းချက်များအား မိတ်ဆက်ရန်အတွက် မိတ်ဖက်အဖွဲ့များဖွဲ့စည်းခဲ့ကြသလို အချို့စီးပွားရေးလုပ်ငန်းများနှင့် အစိုးရအဖွဲ့အစည်းများသည် လျှပ်စစ်မော်တော်ယာဉ်များကို ၎င်းတို့၏ယာဉ်အုပ်စုများတွင် ထည့်သွင်းအသုံးပြုလာကြပါသည်။ ယူအေအီးနိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် အဓိကနေရာမှပါဝင်နေသည့်အတွက် လျှပ်စစ်မော်တော်ယာဉ်များကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များနှင့်ပေါင်းစပ်ရန် နည်းလမ်းများကိုရှာဖွေလျက်ရှိပြီး လျှပ်စစ်မော်တော်ယာဉ်များသည် စားသုံးသူလက်ခံမှုနှင့် အစိုးရမက်လုံးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်ပေါင်းစပ်မှုများ၊ လောင်စာဆီကုန်ကျစရိတ်သက်သာမှုများ၊ မှတ်ပုံတင်ခသက်သာခြင်းနှင့် အခမဲ့အားသွင်းနိုင်ခြင်းကဲ့သို့သောအချက်များကြောင့် လျှပ်စစ်မော်တော်ယာဉ်များအား ယူအေအီးနိုင်ငံမော်တော်ယာဉ်ဈေးကွက်တွင် ဝယ်ယူသုံးစွဲကြသူများ တဖြည်းဖြည်းတိုးပွားလာခဲ့ကြောင်း ဖော်ပြလိုက်ရပါသည်။

Source:                  khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News