International News

ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဦကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၄၅ ရာခိုင်နှုန်းမြင်တက်ခဲ့

Last Updated:

ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဉီကဏ္ဍ၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဉီကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေမှာ ယခုနှစ်အတွင်း ကမ္ဘာတွင် အားအကောင်းဆုံးများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ အတိုးနှုန်းဆိုင်ရာမူဝါဒများ အားကောင်းမှုသည်လည်း အိမ်ရာအဆောက်အဉီကဏ္ဍကို ဆက်လက်ကြံ့ခိုင်မှုရှိစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် ပထမ ၃ လပတ်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၂ ဆမြင့်တက်ခဲ့ကာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များဖြေလျှော့ခဲ့ပြီးနောက် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသည်လာရောက်မှုမှာ ပြန်လည်အားကောင်းခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများလည်း မြင့်တက်ခဲ့ပါကြောင်း၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည့်လာရောက်ခဲ့မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးသည့်အချိန်မှစ၍ အမြင့်ဆုံးဖြစ်ခဲ့ပါကြောင်း၊ အိုဆာကာတွင် ကာစီနိုအပါအဝင် ဘက်စုံအပန်းဖြေစီမံကိန်းဆောင်ရွက်ခွင့်ကို ခွင့်ပြုပေးပြီးဖြစ်သဖြင့် အဆိုပါစီမံကိန်းသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်လာနိုင်စေမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၌ ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဉီကဏ္ဍတွင် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး၊ အမေရိကန်မှ အမေရိကန်ဒေါ်လာ ၂.၅၈ ဘီလီယံဖြင့် ဒုတိယအများဆုံးနှင့် ကနေဒါနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ဘဏ္ဍာရေးမူဝါဒတင်းကြပ်လာမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံလိုစိတ်အပေါ် ကာလတိုသက်ရောက်နိုင်မည်ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုများဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက အိမ်ရာအဆောက်အဉီကဏ္ဍတွင် အလားအလာကောင်းများ ဆက်လက် ဖြစ်ပေါ်နိုင်မည်ဖြစ်ကာ လာမည့်လများအတွင်း ဂျပန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်နိုင်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုများ ပြန်လည်မြင့်တက်လာမှုတို့ကြောင့် ဟိုတယ်ကဲ့သို့သော အိမ်ရာအဆောက်အဉီတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် အခွင့်အလမ်းများဖြစ်ပေါ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြစ် ကြောင်း သုံးသပ်ရပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၁၈ လဆက်တိုက် ရောက်ရှိခဲ့ပါသည်။ ထိုသို့ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုသည် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုများ ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း သုံးသပ်ရပါသည်။

Source: The CNBC News (၄-၁၀-၂၀၂၃)                                                                                   

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News