International News

တရုတ်သည် အမေရိကန်ကို ကျော်တက်၍ ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာ

Last Updated:

အမေရိကန်သို့ တင်ပို့သည့် ဂျာမန်ပို့ကုန်များအပေါ် အခွန်စည်းကြပ်မှု မြင့်မားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ပထမ(၈)လအတွင်း တရုတ်နိုင်ငံသည် အမေရိကန်ကို ကျော်တက်ခဲ့ပြီး ဂျာမနီ၏အကြီးမားဆုံးကုန်သွယ် ရေးမိတ်ဖက်အဖြစ် ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့ကြောင်း ဂျာမန်စာရင်းအင်းရုံးမှ ထုတ်ပြန်သော ကနဦးအချက်အလက်များအရသိရှိခဲ့ရပြီး၊ Reuters ၏တွက်ချက်မှုများအရလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအထိကာလအတွင်း ဂျာမနီနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ် မှုစုစုပေါင်း(သွင်းကုန်နှင့် ပို့ကုန်စုစုပေါင်း) ယူရို(၁၆၃.၄)ဘီလီယံနှင့် ဂျာမနီနှင့် အမေရိကန်အကြား ကုန်သွယ်မှုစုစုပေါင်း ယူရို (၁၆၂.၈) ဘီလီယံရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အထိ ဂျာမနီ၏ထိပ်တန်းကုန်သွယ်ရေးမိတ်ဖက်အဖြစ် အမေရိကန်သည် (၈)နှစ်ကြာ ဆက်တိုက်ရပ်တည်လာခဲ့ရာမှ အဆုံးသတ်သွားခဲ့ပြီး ၎င်းနေရာတွင် တရုတ်က ဝင်ရောက်နေရာယူလာခဲ့ပါသည်။ ဂျာမနီအနေဖြင့် တရုတ်နှင့်ဂျာမနီအကြား နိုင်ငံရေးခံယူချက်ကွဲလွဲမှုများနှင့် စီးပွားရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သမာသမတ်မကျသော လုပ်ဆောင်ချက်များကို စွပ်စွဲပြီး  ကုန်သွယ်မှု၌ တရုတ်အပေါ် မှီခိုနေမှုကိုလျှော့ချရန် ကြိုးပမ်းနေစဉ်တွင် ယခုကဲ့သို့အပြောင်းအလဲများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ Donald Trump ၏ လက်ထက်တွင် အခွန်စည်းကြပ်မှုများကို ပြန်လည်ပြင်ဆင်ခဲ့သည့်အတွက် ကုန်သွယ် ရေးအရှိန်အဟုန်ပါ လိုက်ပါပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုများကြောင့် အမေရိကန်သို့ ဂျာမန်ပို့ကုန်တင်ပို့မှုများကျဆင်းခဲ့ပြီး ယခုနှစ်ပထမ(၈)လအတွင်း ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမ(၈)လနှင့်နှိုင်းယှဉ်ပါက (၇.၄) ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း၊ သြဂုတ်လအတွင်း အမေရိကန်သို့ ပို့ကုန်တင်ပို့မှုသည် ယမန်နှစ် အလားတူကာလကထက် (၂၃.၅) ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ကြောင်း၊ယင်းသို့ကျဆင်းသွားခဲ့သည့်အတွက် ကျဆင်း မှုလမ်းကြောင်းမြန်ဆန်လာနေသည်ကို တွေ့ရှိရကြောင်း၊ ကား၊ စက် ယန္တရားနှင့် ဓာတုပစ္စည်းများကဲ့သို့သော ဂျာမနီမှ အမေရိကန်သို့ အဓိကတင်ပို့နေသောပို့ကုန်များ ဝယ်လိုအားကျဆင်းသွားခဲ့ကြောင်း၊ အမေရိကန်၏အခွန်တိုးမြှင့်ကောက်ခံမှုနှင့် ကုန်သွယ်ရေးမူဝါဒများသည် ဂျာမန်ထုတ်ကုန်များရောင်းအား ကျဆင်းမှုကိုဖြစ်ပေါ်စေခဲ့သော အရေးကြီးသည့်အကြောင်း အရင်းတစ်ရပ်ဖြစ်သည်ဟု Federal Association of Wholesale, Foreign Trade and Services (BGA)၏ဥက္ကဋ္ဌဖြစ်သူ Dirk Jandura က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်၏အခွန်ကောက်ခံခြင်းဆိုင်ရာခြိမ်းခြောက်နေမှုနှင့် ယူရိုငွေပိုမိုခိုင်မာလာမှုတို့ကြောင့် အမေရိကန်သို့ ဂျာမန်ပို့ကုန်တင်ပို့မှုများပြန်လည်ကောင်းမွန်လာဖွယ်မရှိကြောင်း၊၂၀၂၅ ခုနှစ်၏ပထမ (၈)လအတွင်း ဂျာမနီမှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့သည့်နည်းတူ တရုတ်နိုင်ငံသို့ တင်ပို့မှုသည်လည်း ယမန်နှစ် အလားတူကာလကထက် (၁၃.၅)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဆန့်ကျင်ဘက် အနေဖြင့် တရုတ်မှပို့ကုန်များကို ဂျာမနီက (၈.၃)ရာခိုင်နှုန်းခန့်ပိုမိုတင်သွင်းလာ၍ ကုန်သွယ်မှုပမာဏ မြင့်တက်လာ၍သာ တရုတ်သည် ဂျာမနီ၏အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာခြင်းဖြစ်ကြောင်း၊ အချက်အလက်များအရ တရုတ်မှ တင်သွင်းကုန်များမှာ စုပုံစွန့်ပစ်ဈေးနှုန်းဖြင့် ဝင်ရောက်လာသည့် အတွက် ဂျာမနီအတွက် ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်ကြောင်းနှင့် ယင်းကိစ္စရပ်သည် ဂျာမနီအနေဖြင့် တရုတ်နိုင်ငံအပေါ် ကုန်သွယ် ရေးအရ မှီခိုမှုပိုမိုမြင့်မားလာနိုင်သည်သာမက ဂျာမနီ၏အဓိကစက်မှုလုပ်ငန်းကြီးများအနေဖြင့် တရုတ်ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ရေးအတွက် ဖိအားများပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း ING သုတေသနအဖွဲ့မှ Carsten Brzeski က  သတိပေးပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

Source:         https://www.reuters.com/world/china/china-overtakes-us-germanys-top-trading-partner-2025-10-22/

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News