သမ္မတမားကို့စ်ဂျူနီယာမှ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်သည်အထိ အခြေခံစားသောက်ကုန်စည်များနှင့် လူသုံးကုန်ပစ္စည်းများအား ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများတွင် ဈေးနှုန်းမြင့်တက်ခြင်းမပြုဘဲ သတ်မှတ်ဈေးနှုန်းများအတိုင်းသာရောင်းချသွားရေးကြီးကြပ်ထိန်းကွပ်သွားရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ပါသည်။ သမ္မတ၏ မလေးရှားနိုင်ငံသို့ သွားရောက်မည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ၂၅-၁၀-၂၀၂၅ ရက်နေ့က သမ္မတမားကို့စ်ဂျူနီယာမှ အခြေခံကုန်စည်များအား အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ချက်ထက် ကျော်လွန်မရောင်းချရန်၊ အထူးသဖြင့် တင်သွင်းထားသည့်ဆန်နှင့် အခြားသောအရေးကြီးကုန်စည်များအား သတ်မှတ်ဈေးနှုန်းအတွင်း ရောင်းချသွားရန် ညွှန်ကြားခဲ့ပါသည်။
ဈေးနှုန်းသတ်မှတ်ခဲ့သည့် ကုန်စည်များတွင် ငါးသေတ္တာသံဘူးများ၊ အသားဘူးများ၊ နို့ထွက်ပစ္စည်းများ၊ အသင့်သောက်ကော်ဖီများ၊သောက် ရေသန့်ဘူးများ၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်များ၊ ပေါင်မုန့်၊ ဆား၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရှာလကာရည်၊ ဖယောင်းတိုင် စသည်တို့ပါဝင်ပါသည်။ထို့ပြင် သမ္မတမှ ခရစ္စမတ်နှင့်နှစ်သစ်ကူးရုံးပိတ်ရက်ကာလများ အတွင်း မလိုအပ်ဘဲ ကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်မှုမရှိစေရန် ကုန်စည်ထုတ်လုပ်ရောင်းချသူများနှင့်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရန်ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများသို့လည်း ညွှန်ကြားထားကြောင်း ဖော်ပြပါရှိပါသည်။
သမ္မတမားကို့စ်ဂျူနီယာ၏ ညွှန်ကြားချက်မထွက်ရှိခင်ကပင် ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီးမှ နေ့စဉ်အခြေခံလိုအပ်ချက်ရှိနေသည့်စားသောက် ကုန်စည်များနှင့်လူသုံးကုန်စည်များ၏ဈေးနှုန်းများကို မြင့်တက်မရောင်း ချစေနိုင်ရေး သက်ဆိုင်ရာကုန်ထုတ်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ The Price Act(Republic Act No.7581)အရ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဌာနအနေဖြင့် ကုန်ထုတ်လုပ်သူ၊ ရောင်းချသူ၊ ကုန်သည်များ၊ လက်လီ လက်ကားရောင်းချသူများအားလုံးကို ကြီးကြပ်ကွပ်ကဲရသည့် တာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများသည်လည်း တာဝန်အရ လိုက်နာဆောင်ရွက်နေခြင်းထက် ၎င်းတို့ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်လိုသည့်စိတ်ဖြင့် ပူးပေါင်းသွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အတွက် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ လွန်ခဲ့သော ၃ လကတည်းက အခြေခံကုန်စည်များ၏ အထွေထွေကုန်စည်ဈေးနှုန်းများကို ကွင်းဆင်းလေ့လာ၍ အမြင့်ဆုံးရောင်းချရမည့် ဈေးနှုန်းများအား သတ်မှတ်ပေးခဲ့ပြီး အဆိုပါသတ်မှတ်ဈေးနှုန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုန်စည်ထုတ်လုပ်ရောင်းချနေသူများထံ အီးမေးလ်မှတဆင့်ပေးပို့အကြောင်းကြားခဲ့ပြီး သက်ဆိုင်သူများလည်း သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်များရယူထားပြီးဖြစ်ပါသည်။
Source: https://newsinfo.inquirer.net/2130650/president-sets-price-freeze-on-basic-goods-until-year-end
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)