ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့က ၁၅-၁၁-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦးထုတ်ပြန်ချက်များအရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် Nikkei Group Company ဖြစ်သည့် QUICK က ကောက်ယူထားသည့်စစ်တမ်းအရ တတိယသုံးလပတ်အတွက် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းထားခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ပထမသုံးလပတ်ကာလတွင် ၃.၇ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ်ကာလတွင် ၄.၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလအတွင်း ပုဂ္ဂလိက၏သုံးစွဲနိုင်စွမ်းမှာ ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ လုပ်ငန်းအဖွဲ့အစည်းများ၏ရင်းနှီးမြှုပ်နှံမှုမှာ ၂.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခုတတိယသုံးလပတ်ကာလတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကျဆင်းခဲ့ရခြင်းမှာ ယခင်လများအတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်ခဲ့ခြင်းကြောင့် ပုဂ္ဂလိက သုံးစွဲနိုင်စွမ်းကျဆင်းခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ လတ်ဆတ်သည့်အစားအစာများ၏ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ စက်တင်ဘာလတွင် ၂.၈ ရာခိုင်နှုန်းသို့ကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လုပ်ခလစာမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။
ပုဂ္ဂလိကလုပ်ငန်းများ၏ထုတ်လုပ်နိုင်မှုမှာလည်း ဒုတိယသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလတွင် ၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စီးပွားရေးနှေးကွေးမှုဖြစ်ပေါ်စေခဲ့ကြောင်း၊ အထူးသဖြင့် မော်တော်ယာဉ်ထုတ်လုပ်မှုကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ဒုတိယသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ သွင်းကုန်မှာ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့သွင်းကုန်မြင့်တက်ခဲ့မှုကြောင့် အသားတင်တင်ပို့မှုကိုကျဆင်းစေခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးစေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်တင်ပြချက်
ဂျပန်နိုင်ငံသည် သွင်းကုန်အပေါ် အဓိကမှီခိုအားထားနေရသည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့နိုင်ငံများအကြား ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် သွင်းကုန်ဈေးနှုန်းများမြင့်တက်ခဲ့မှုသည် နိုင်ငံအတွင်းငွေကြေးဖောင်းပွမှုများဆက်တိုက်မြင့်တက်စေခဲ့ပြီး ယန်းငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်စေကာ ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် များစွာသက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။
ကမ္ဘာ့ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်အခြေအနေ၊ ပြည်ပနိုင်ငံများ အထူးသဖြင့် ဂျပန်နိုင်ငံ၏ အဓိကမိတ်ဖက်ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးအခြေအနေနှင့် ငွေကြေးတန်ဖိုးအခြေအနေဆိုင်ရာ အပြောင်းအလဲများသည် ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအပေါ် များစွာသက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ပြည်ပနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးလာသည်နှင့်အမျှ ဝယ်လိုအားကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံ၏ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့နိုင်မှုများကျဆင်းစေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Source: The Nikkei Asia (၁၅-၁၁-၂၀၂၃)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)