International News

ဂျပန်နိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ   ၂ ဆကျော်များပြားလာ

Last Updated:

ဂျပန်နိုင်ငံ၌ ခရီးသွားလုပ်ငန်းပြန်လည်အားကောင်းလာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံလိုသူများ များပြားလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံသူများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ဟိုတယ်ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယန်း ၅၀၀ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၃ ခုနှစ်၌ SC Capitals ၊ Goldman Sachs နှင့် Abu Dhabi Investment Authority တို့ပူးပေါင်း၍ ဂျပန်နိုင်ငံ၌ အမေရိကန်ဒေါ်လာသန်း ၉၀၀ တန်ဖိုးရှိ အပန်းဖြေဟိုတယ် ၂၇ လုံးကို ဝယ်ယူခဲ့ကြောင်း၊ အဆိုပါဝယ်ယူမှုသည် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပမှ ဝယ်ယူမှုများတွင် အများဆုံး ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၂.၅ သန်းလာရောက်ခဲ့ပြီး အဆိုပါအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် အလားတူကာလ၌ လာရောက်ခဲ့သည့်အရေအတွက်၏ ၂ ဆရှိခဲ့ကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုနှုန်းမှာ ၂၀၁၉ ခုနှစ်တွင် လာရောက်ခဲ့သည့်အရေအတွက်၏ ၅၇ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ ခရီးသွားဧည့်သည်များ၏သုံးစွဲမှုမှာ မြင့်မားလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ၏ သုံးစွဲမှုပမာဏမှာ ပျမ်းမျှအားဖြင့် ယန်း ၄၇၇,၀၀၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်မှ ပုဂ္ဂလိကအိမ်ခြံမြေလုပ်ငန်းဖြစ်သည့် KKR အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် Gaw Capital Partners နှင့်ပူးပေါင်း၍ ရှင်ဂျူဂုရှိ The Hyatt Regency Tokyo ကို အမေရိကန် ဒေါ်လာ ၄၀၉ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံအခြေစိုက် အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်သည့် BentallGreenOak အနေဖြင့် အိုဆာကာရှိ Rihga Royal Hotel ကို ယန်း ၅၀ ဘီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၌ ဟိုတယ်လုပ်ငန်းကဏ္ဍတိုးတက်လာသကဲ့သို့  ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်ခဲ့ပြီး ယန်း ၈၀၀ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ပထမ ၉ လတာကာလအတွင်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွင် ပြည်ပမှ ဝယ်ယူမှုမှာ ၃၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းနီးပါးများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စင်ကာပူနိုင်ငံမှ GIC Private Limited အနေဖြင့် ဂျပန်နိုင်ငံရှိသိုလှောင်ရုံ ၆ ခုကို အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ဆက်လက်ရောက်ရှိခဲ့ပါသည်။ ထိုသို့ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုသည် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုများဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့အတူ ဂျပန်နိုင်ငံတွင် ချေးငွေကို အတိုးနှုန်းသက်သာစွာဖြင့် အလွယ် တကူရယူနိုင်ခြင်းသည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်စေလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ ဂျပန်နိုင်ငံ၌ ကုန်စည်ပို့ဆောင်သည့် ယာဉ်မောင်းများ၏အချိန်ပို အလုပ်လုပ်ချိန်ကို ပြက္ခဒိန်နှစ်တစ်နှစ်လျှင် နာရီပေါင်း ၉၆၀ အထိသာ ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပါသည်။ အဆိုပါမူဝါဒအသစ်ကြောင့် ကုန်စည်ပို့ဆောင်မှုမှာ ပိုမိုနှေးကွေးသွားနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါသည်။ အဆိုပါမူဝါဒအသစ်ကြောင့် လက်ရှိတွင် ယာဉ်မောင်းရှားပါးလျက်ရှိသည့် ဂျပန်နိုင်ငံတွင် ပိုမို၍လုပ်သားရှားပါးလာနိုင်ပြီး အခြားတစ်နေရာသို့ သယ်ယူပို့ဆောင်ခြင်းမပြုနိုင်မီ ခေတ္တသိုလှောင်ထိန်းသိမ်းနိုင်မည့်နေရာများ တည်ဆောက်လိုသူများအတွက် အခွင့်အလမ်းများရရှိလာရန် မျှော်မှန်းလျက်ရှိကြသည်ကို တွေ့ရှိရပါ သည်။ ထို့ကြောင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုများပြားလာခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

ထို့အတူ ဂျပန်နိုင်ငံတွင် အိမ်ရာနှင့်ဟိုတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာလည်း အားကောင်းလာခဲ့သည်ကို တွေ့ရှိရပြီး ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အိမ်ရာအဆောက်အဦကဏ္ဍ၌  အများဆုံးရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားဧည့်သည်လာရောက်မှုများပြန်လည်မြင့်တက်လာမှုကြောင့် တည်းခိုနေထိုင်ရန် နေရာဒေသများလိုအပ်လာပြီး ဟိုတယ်ကဲ့သို့သောအိမ်ရာအဆောက်အဉီတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် အခွင့်အလမ်းများဖြစ်ပေါ်ကာ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ရပါသည်။

Source: Mingtiandi Real Estate Newspaper (3-1-2024)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News