International News

ဟိုက်ဒရိုဂျင်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများသတ်မှတ်နိုင်ရေးဂျပန်-အီးယူ ပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

ဟိုက်ဒရိုဂျင်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများသတ်မှတ်နိုင်ရေးအတွက် ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် စံနှုန်းများသတ်မှတ်ရာ၌ ဟိုက်ဒရိုဂျင်ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ နည်းပညာများနှင့်စပ်လျဉ်းသည့်သတ်မှတ်ချက်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သည်ရေးနှင့်စက်မှုဝန်ကြီး Mr. Ken Saito နှင့် စွမ်းအင်ဆိုင်ရာ ဥရောပကော်မရှင်နာ Ms. Kadri Simson တို့အနေဖြင့် ၂၀၄၀ ပြည့်နှစ်အထိ ဟိုက်ဒရိုဂျင်သုံးစွဲမှုဆိုင်ရာ လမ်းပြမြေပုံကို ပူးတွဲဖော်ဆောင်သွားရန် လာမည့်အစည်းအဝေးတွင် သဘောတူနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့်အီးယူအေဂျင်စီများအနေဖြင့် သုတေသနနှင့်ဖွံ့ဖြိုးမှုအကူအညီများ၊ လုံခြုံရေးနှင့် ဈေးနှုန်းဆိုင်ရာ ပံ့ပိုးမှုများဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားကြမည်ဖြစ်ကြောင်း၊ ဟိုက်ဒရိုဂျင်သည် စက်မှုလုပ်ငန်းကြီးများ၊ မော်တော်ယာဉ်နှင့် လေယာဉ်များတွင် ရုပ်ကြွင်းလောင်စာအစားထိုးအဖြစ် ပြောင်းလဲသုံးစွဲနိုင်မည့် သန့်ရှင်းသော စွမ်းအင်အမျိုးအစားဖြစ်ကြောင်း ဖော်ပြထားပါသည်။

နေစွမ်းအင်နှင့် အခြားသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ ထုတ်လုပ်သည့် Green Hydrogen ထုတ်လုပ်မှုမြှင့်တင်နိုင်မည့် အလားအလာများလည်းရှိကြောင်း၊ လက်ရှိတွင် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းတိကျသည့်စံနှုန်းများ သတ်မှတ်ထားခြင်းမရှိသေးကြောင်း၊ ဂျပန်နှင့် အီးယူတို့သည် လျှပ်စစ်ဓာတ်အားအသုံးပြုကာ ရေမှ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်နိုင်သည့် လျှပ်စစ်ဓာတ်ခွဲစက်များ(Electrolyzers)နှင့်စပ်လျဉ်းသည့် အချက်အလက်များကိုလည်း မျှဝေသွားကြမည်ဖြစ်ကြောင်း၊ ဟိုက်ဒရိုဂျင်အရည်ကို သယ်ယူခြင်းနှင့် ပို့ဆောင်ခြင်းဆိုင်ရာ နည်းပညာများ၊ လောင်ကျွမ်းမှုဆိုင်ရာ နည်းပညာများနှင့် အခြားသော နည်းပညာများကိုလည်း မျှဝေသွားကြမည်ဖြစ်ကြောင်း၊ ထို့ပြင် Fuel Cell အသုံးပြုသည့် မော်တော်ယာဉ်များအတွက် အရေးပါသည့် ဟိုက်ဒရိုဂျင်သန့်စင်မှုဆိုင်ရာ စံနှုန်းများသတ်မှတ်နိုင်ရေးကိုလည်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ဂျပန်-အီးယူသန့်ရှင်းသော စွမ်းအင်ဆိုင်ရာ စက်မှုမူဝါဒ(Clean Energy Industrial Policy)ချမှတ်နိုင်ရေးအတွက်လည်း လုပ်ငန်းအဖွဲ့ဖွဲ့စည်းသွားရန်ရှိကြောင်းနှင့် ကနဦးအနေဖြင့် လေ၊ နေနှင့် ဟိုက်ဒရိုဂျင်စသည့် စွမ်းအင်အရင်းအမြစ်များနှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့် အီးယူတို့အနေဖြင့် Hydrogen Road Map ရေးဆွဲရာ၌ နှစ်ဖက်လုံးတွင် ချမှတ်ထားသည့် ရာသီဥတုပြောင်းလဲမှုနှင့် စွမ်းအင်ဆိုင်ရာရည်မှန်းချက်များနှင့် ကိုက်ညီစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ၂၀၄၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ သုံးစွဲသွားမည့် စွမ်းအင်အရင်းအမြစ်များ(Energy Mix)ဖော်ပြထားသည့် စွမ်းအင်စီမံချက်ကိုလည်း ယခုနှစ်အတွင်း ထုတ်ပြန်သွားရန်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၃-၆-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News