အိန္ဒိယနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၊ ဗဟိုအာရှနှင့်အရှေ့ပိုင်းရုရှားနိုင်ငံတို့ကို ဆက်သွယ်သည့် ၎င်း၏ဆက်သွယ်ရေးကွန်ရက်တွင် အရေးပါသောဗဟိုချက်ဖြစ်သည့် အီရန်နိုင်ငံ ချာဘာဟာဆိပ်ကမ်း(Chabahar Port)အတွက် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကင်းလွတ်ခွင့်သက်တမ်းတိုးရန်ကြိုးပမ်းနေကြောင်း သိရသည်။ လက်ရှိကင်းလွတ်ခွင့်သည် အင်္ဂါနေ့(ယခုလ ၂၈ ရက်နေ့)တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း The Economic Times သတင်းဌာနက ယခုလ ၂၉ ရက်တွင် ဖော်ပြထားသည်။
သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါကင်းလွတ်ခွင့် ဆက်လက်တည်ရှိရေးအတွက် နယူးဒေလီအနေဖြင့် ဝါရှင်တန်နှင့်တက်ကြွစွာဆွေးနွေးလျက်ရှိပြီး၊ အမေရိကန်အစိုးရအနေဖြင့် ၎င်းဆုံးဖြတ်ချက်ကို လက်ရှိတွင် ပြန်လည်သုံးသပ်လျက်ရှိကြောင်း သိရသည်။
ချာဘာဟာဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပြီး အာဖဂန်နစ္စတန်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တံခါး ပေါက်အဖြစ် ဆောင်ရွက်ကြောင်းတွေ့ရှိရသည်။ ယခုလအစောပိုင်းတွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုအကူအညီများ၏တစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်လူနာ တင်ယာဉ်များကို အဆိုပါဆိပ်ကမ်းမှတစ်ဆင့်ပေးပို့ခဲ့ကြောင်းသိရသည်။ကဘူးလ်မြို့ရှိတာလီဘန်အစိုးရသည်လည်း ၎င်း၏ပြင်ပကုန်သွယ်မှုအတွက် ချာဘာဟာကို အသုံးပြုရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်ဟုဆိုသည်။
၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် အဆိုပါဆိပ်ကမ်းကို စီမံခန့်ခွဲရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် အီရန်နိုင်ငံနှင့် ၁၀ နှစ်သက်တမ်းရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုသည် ယခင်က ပိတ်ဆို့အရေးယူမှုကင်းလွတ်ခွင့် ပယ်ဖျက်မည့် နောက်ဆုံးရက်ကို စက်တင်ဘာ ၂၉ ရက်အဖြစ် ကနဦးသတ်မှတ်ပြီးနောက် ၎င်းအား အောက်တိုဘာ ၂၈ ရက်အထိ သက်တမ်းတိုးပေးခဲ့ကြောင်း သိရသည်။
ချာဘာဟာဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံ၏ပိုမိုကျယ်ပြန့်သောဒေသတွင်း ဆက်သွယ်မှုနှင့် ယူရေးရှားကုန်သွယ်မှု(Eurasian Trade)ရည်မှန်းချက်များအတွက် အဓိကကျကြောင်း တွေ့ရှိရသည်။ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံအပါအဝင် ဒေသတွင်းမိတ်ဖက်နိုင်ငံများစွာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ BRI စီမံကိန်းမှလွဲ၍ ကုန်သွယ်မှုလမ်းကြောင်းအမျိုးမျိုး ပြောင်းလဲနိုင်ရန်အတွက် ချာဘာဟာဆိပ်ကမ်းကို အခြားရွေးချယ်စရာလမ်းကြောင်းတစ်ခုအဖြစ် ရှာဖွေစူးစမ်းလျက်ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံသည်လည်း ကာဇက်စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှတစ်ဆင့် ချာဘာဟာကို အသုံးပြု၍ အိန္ဒိယနှင့် အခြားအာရှဈေးကွက်များသို့ ဝင်ရောက်နိုင်ခြေကို လေ့လာကြည့်ရှုလျက်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့်လက တီဟီရန်မြို့တော်တွင် ဆိပ်ကမ်းအသုံးပြုမှုမြှင့်တင်ရန်နှင့် ဆက်စပ်သယ်ယူပို့ဆောင်ရေးစင်္ကြံလမ်းများတစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုတို့မြှင့်တင်ရန်ရည်ရွယ်သည့် ပထမဆုံးအကြိမ် အိန္ဒိယ-အီရန်-ဥဇဘက်ကစ္စတန်နိုင်ငံတို့၏ သုံးပွင့်ဆိုင်အစည်းအဝေးကို လက်ခံကျင်းပခဲ့ကြောင်း သိရသည်။
တစ်ပြိုင်နက်တည်းတွင် အိန္ဒိယနိုင်ငံသည် ရှားပါးမြေရှားသတ္တုများနှင့် မဟာဗျူဟာမြောက်အရင်းအမြစ်များအပါအဝင် အရေးပါသောကဏ္ဍများတွင် ကုန်သွယ်မှုဆက်ဆံရေးကို နက်ရှိုင်းစေရန်အတွက် ယူရေးရှားစီးပွားရေးသမဂ္ဂ(EAEU)နှင့် လွတ်လပ်စွာကုန်သွယ်ရေး အကြိုညှိနှိုင်းသဘောတူညီချက် (Early harvest Free Trade Agreement(FTA))ကို ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)