International News

ရုရှားသင်္ဘောများတိုက်ခိုက်ခံရမှုကြောင့် ရေနံဈေးနှုန်းများမြင့်တက်

Last Updated:

ရုရှားသင်္ဘောများအား တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့အမှတ်တံဆိပ် Brent နှင့် West Texas Intermediate(WTI)ရေနံထုတ်ကုန်များ၏ ဈေးနှုန်းများသည် ဆက်လက်မြင့်တက်လျက်ရှိသည်။ အမေရိကန်အမှတ်တံဆိပ် WTI ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၈၃ ဒေါ်လာနီးပါးအထိ မြင့်တက်ခဲ့ပြီး Brent ရေနံစိမ်းစျေးနှုန်းသည် တစ်စည်လျှင် ၈၇ ဒေါ်လာနီးပါးအထိ မြင့်တက်ခဲ့ပါသည်။

ရုရှားသင်္ဘောများကို တိုက်ခိုက်ခြင်းသည် ရေနံထွက်ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်မြင့်တက်မှုအပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် မောင်းသူမဲ့လေယာဉ်တစ်စီး၏ တိုက်ခိုက်မှုကြောင့် Kerch ရေလက်ကြားရှိ ရုရှားရေနံတင်သင်္ဘော "Sig" သည် အပေါက်တစ်ခုရရှိခဲ့ပါသည်။ အဆိုပါနေ့တွင်ပင် ယူကရိန်းတပ်ဖွဲ့များသည် Novorossiysk ရေတပ်အခြေစိုက်စခန်း(ရုရှား)ကို မောင်းသူမဲ့ရေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ကြိုးစားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ သိရှိရပါသည်။

ရုရှားရေတပ်သင်္ဘောများကို တိုက်ခိုက်ခြင်းသည် ရေနံထွက်ကုန်များသာမက ပင်လယ်နက်မှတစ်ဆင့် ကောက်ပဲသီးနှံတင်ပို့မှုကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း၊ အဆိုပါပင်လယ်နက်မှတစ်ဆင့် OPEC + မှ ကမ္ဘာ့စျေးကွက်တွင် နေ့စဉ်ရောင်းချနေသော ရေနံထောက်ပံ့ပို့ဆောင်မှု၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်မတိုင်မီ ရက်သတ္တပတ်အစတွင်ပင် Brent ရေနံစျေးနှုန်းသည် ၁.၅ ရာခိုင်နှုန်းနှင့် WTI ရေနံဈေးနှုန်းသည် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဆော်ဒီအာရေးဗီးယားသည် ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် ရေနံစည်ပေါင်း ၁ သန်းလျှော့ချရန်နှင့် ရုရှားသည် စက်တင် ဘာလတွင် ရေနံတင်ပို့မှုကို တစ်ရက်လျှင် ရေနံစည်ပေါင်း ၃ သိန်းလျှော့ချရန် သက်တမ်းတိုးကြောင်း ကြေညာခဲ့ကြပြီးနောက် ကမ္ဘာ့ရေနံအမှတ်တံဆိပ်နှစ်ခုလုံး၏ စျေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source : https://www.kommersant.ru/doc/6147508

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News