International News

အိန္ဒိယနိုင်ငံ၏ အမျိုးသားအီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးမူဝါဒသစ်(မူကြမ်း)ကို မကြာမီ ထုတ်ပြန်ကြေညာသွားမည်

Last Updated:

အိန္ဒိယနိုင်ငံ၏ အမျိုးသားအီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးမူဝါဒသစ်(မူကြမ်း)ကို လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း အိန္ဒိယထိပ်တန်းသတင်းဌာနအသီးသီးကဖော်ပြသည်။အဆိုပါအမျိုးသား အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးမူဝါဒသစ်(national ecommerce policy)နှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Piyush Goyal သည် Amazon၊ Flipkart၊ Swiggy၊ Meesho နှင့် Shiprocket စသည့်အိန္ဒိယနိုင်ငံရှိ အကြီးဆုံးအီလက်ထရောနစ်ကူးသန်း ရောင်းဝယ်ရေးပလက်ဖေါင်းအသီးသီးမှ အမှုဆောင်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့နှင့် ယခုလ(၂)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် စက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DPIIT) ဌာနမှူး Rajesh Kumar Singh နှင့် စားသုံးသူရေးရာဦးစီးဌာန ဌာနမှူး Rohit Kumar Singh တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါမူဝါဒသစ်(မူကြမ်း)နှင့်ပတ်သက်သော တွေ့ဆုံဆွေးနွေးပွဲတွင် ရောင်းချလိုက်သော ထုတ်ကုန်ပစ္စည်းများအပေါ် တာဝန်ခံမှု(fallback liability)၊ စားသုံးသူမှ အရေးဆိုတိုင်ကြားခွင့်(consumer grievance redressal)၊ လက်လီရောင်းချသူ၏အမည်အား ထုတ်ကုန်ပစ္စည်းပေါ်၌ ဖော်ပြခြင်း(private labels)နှင့် ကုန်လက်ကျန်ဆိုင်ရာစံပုံစံများ(inventory models)စသည့်အကြောင်းအရာတို့ပါဝင်သည်။ သို့သော် မူဝါဒပါအချက်အလက်အသေးစိတ်ကိုမူ ထုတ်ဖေါ်ပြသခဲ့ခြင်းမရှိကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ecommerce ပလက်ဖေါင်းများ၌ အသုံးပြုသောစနစ်များ (algorithms)တွင် တရားမျှတမှုရှိရေး၊ ထောက်ပံ့ပို့ဆောင်မှုဝန်ဆောင်မှုများနှင့် ပေးချေမှုစနစ်များကို ရရှိနိုင်မှုရှိရေးနှင့် စားသုံးသူများကို လိမ်ညာသုံးသပ်ချက်များ၏ဘေးမှကာကွယ်ရေးစသည်တို့ပါဝင်သည့် ကျယ်ပြန့်သော အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအခြေခံမူများကို ထုတ်ပြန်ဝေမျှခဲ့ပြီးဖြစ်သည်။ အရောင်းအဝယ်ဈေးကွက်များ(marketplace)များအနေဖြင့် ပါဝင်ရောင်းချသူ များမှ ပြုလုပ်သော မည်သည့်လျစ်လျူရှုမှုနှင့် လွဲမှားစွာဆောင်ရွက်မှုမျိုးကိုမဆို တာဝန်ခံရမည်ဖြစ်သည်။ သို့သော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးကဏ္ဍရှိ အချို့သောပါဝင်ဆောင်ရွက်သူများက မူဝါဒသစ်၌ ပါဝင်မည့်ရောင်းချသူ များအပေါ် တာဝန်ခံမှု(fallback liability)နှင့်ပတ်သက်၍ စိုးရိမ်မကင်းရှိနေကြသည်။

အဆိုပါအီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးမူဝါဒသစ်သည် နိုင်ငံခြားနှင့်အိန္ဒိယနိုင်ငံသား အရောင်းအဝယ်ဈေးကွက်များ(marketplace)များအကြား မျှတစွာဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့ကြောင့် မည်သည့် ပလက်ဖေါင်းကိုမျှ ပါဝင်ရောင်းချသူ၏ အစုရှယ်ယာတွင် ပါဝင်ခြင်း သို့မဟုတ် ကိုယ်ပိုင်လက်လီရောင်းချသူအနေဖြင့် ရောင်းချခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဆို သည်။ ၎င်းတွင် ecommerce ပလက်ဖေါင်း၌ မှတ်ပုံတင်ထားသော မည်သည့်ရောင်းချသူကိုမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ ကုန်ပစ္စည်းအမျိုးအမည်များကို ပွင့်လင်းမြင်သာအောင် စီစဉ်ထားရှိရန်နှင့် စားသုံးသူများမှ ပလက်ဖေါင်း၌ ရှာဖွေသည့်အခါ ဖော်ပြပေးသော ရလဒ်များတွင် တရားမျှတမှုရှိရန်ကိစ္စတို့ပါဝင်ကြောင်း သိရသည်။

အွန်လိုင်းပလက်ဖေါင်းများအနေဖြင့် အစိုးရ၏ ဒစ်ဂျစ်တယ်ကူးသန်း ရောင်းဝယ်ရေးလွတ်လပ်သော ကွန်ယက်စနစ်(Open Network for Digital Commerce - ONDC)၌ ပေါင်းစည်းဆောင်ရွက်သွားရန် အစိုးရတာဝန်ရှိသူများက တင်ပြခဲ့ကြကြောင်း သိရသည်။ecommerce လုပ်ငန်းများအား ပို့ကုန်တင်ပို့မှု ပိုမိုကောင်းမွန် အောင်ကူညီပေးရန်၊ စားသုံးသူများအတွက် ရွေးချယ်မှုများပိုမိုရရှိနိုင်စေရန်နှင့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယစက်မှုနှင့်ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DPIIT)က အဆိုပါမူဝါဒအား အပြီးသတ်ဆောင်ရွက်လျက်ရှိစဉ် စားသုံးသူရေးရာဦးစီးဌာနက စားသုံး သူကာကွယ်ရေးအက်ဥပဒေအောက်ရှိ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (ecommerce)ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲအတည်ပြုရန် သီးခြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံ၏ အမျိုးသားအီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးမူဝါဒသစ် (national ecommerce policy)ကို အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်ကတည်းက စတင်ရေးဆွဲဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဦးဆုံးမူကြမ်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ အီလက်ထရောနစ် လက်လီရောင်းချသူများ(e-tailers)၏ စုစုပေါင်းကုန်ပစ္စည်းတန်ဖိုး(gross merchandise value-GMV) သည် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံရှိပြီး၊ ယခင်ဘဏ္ဍာနှစ်ကထက် ၂၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း Business Today သတင်းဌာနက ဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ecommerce နှင့်ပတ်သက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (FDI) ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် B2B လက်ကားရောင်းချခြင်းကဏ္ဍတွင် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အလိုအလျောက်လမ်းကြောင်းမှ ခွင့်ပြုပေးထားပြီး၊ B2C လက်လီရောင်းချခြင်းကဏ္ဍတွင်မူ ယင်းသို့ခွင့်ပြုထားခြင်းမရှိပေ။ သို့သော် အဆိုပါလုပ်ငန်းများအနေဖြင့် အရောင်းအဝယ်ဈေးကွက်(market place)ကိုသာ ထောက်ပံ့ပေးရမည်ဖြစ်ပြီး၊ ကုန်ပစ္စည်းများကို ကိုယ်တိုင်သိုလှောင်ရောင်းချခြင်း၊ လက်အောက်ခံကုမ္ပဏီများကို ပါဝင်ရောင်းချစေခြင်း၊ ပလက်ဖေါင်း၌ မှတ်ပုံတင်ထားသော ရောင်းသူများ၏ အစုရှယ်ယာတစ်စိတ်တစ်ပိုင်းအား ပိုင်ဆိုင်ခြင်းမျိုးနှင့် ကုန် ပစ္စည်းဈေးနှုန်းအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းမျိုးအား ခွင့်မပြုကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံ၏ ecommerce မူဝါဒကို အကောင်အထည်ဖေါ်ရာ တွင် သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသလို ပုဂ္ဂလိကကဏ္ဍနှင့် ကျွမ်းကျင်သူတို့၏ အကြံပြုသုံးသပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ecommerce နှင့်သက်ဆိုင်သော တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိအောင်လည်း ဆောင်ရွက် လျက်ရှိပါသည်။ သို့သော် ဈေးကွက်အတွင်း မျှတသောယှဉ်ပြိုင်မှုရှိရေး၊ စားသုံးသူများအပါအဝင် ပါဝင်ဆောင်ရွက်သူ(stakeholders)အားလုံး၏အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်ရေး၊ အခြေခံအဆောက်အုံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးစသည့် ရှုထောင့်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသဖြင့် ပြည့်စုံကောင်းမွန်သော မူဝါဒတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် အဆင့်များစွာ ကျန်ရှိနေသေးကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ecommerce ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိကနှစ်ရပ်အတူပူးပေါင်းဆောင်ရွက်လျက်ရှိရာ တစ်ပိုင်းတစ်ကဏ္ဍမှ အထောက်အကူရရှိနိုင်ရန် အလို့ငှာ သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်း။ The Economic Times, The Financial Express, Business Today, Mint (www.livemint.com)

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: International News