International News

ဒူဘိုင်းကမ်းခြေ ပြန်လည်တည်ဆောက်ရေးစီမံကိန်း ပြီးစီးတော့မည်ဖြစ်

Last Updated:

ဒူဘိုင်းပြည်နယ်၏ အိမ်ရှေ့မင်းသားဖြစ်သူ H.H. Sheikh Hamdan bin Mohammed bin Rashid Al Maktoum မှ Jumeirah ကမ်းခြေ ၁ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ နောက်ဆုံးတိုးတက်မှုအပေါ် ပြန်လည်သုံးသပ်ရန်အတွက် ဒူဘိုင်းကမ်းနားဒေသရှိ အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းလေ့လာရေးခရီးစဉ်တစ်ရပ်ကို သွားရောက်ခဲ့ပါသည်။

ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်သော ဤအစီအစဉ်သည် အများပြည်သူကမ်းခြေနေရာများရှိ အခြေခံအဆောက်အအုံများကို မြှင့်တင်ရန်နှင့် ဒေသခံများနှင့် လာရောက်လည်ပတ်ကြသူများအတွက် ကမ်းရိုးတန်းဒေသခရီးစဉ်အတွေ့အကြုံများကို မြှင့်တင်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

H.H. Sheikh Ahmed bin Saeed Al Maktoum နှင့် Omar Sultan Al Olama၊ Abdulla Mohammed Al Basti နှင့် Mattar Al Tayer တို့ပါဝင်သည့် အကြီးတန်းအရာရှိများနှင့်အတူ Sheikh Hamdan မှ ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Marwan Ahmed bin Ghalita ၏ အသေးစိတ်ရှင်းလင်းတင်ပြချက်များအား လက်ခံခဲ့ပါသည်။ အဆိုပါစီမံကိန်းလုပ်ငန်းများမှာ ၉၅ %  ပြီးစီးမှုနှုန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

Jumeirah ကမ်းရိုးတန်းတစ်လျှောက်ရှိ မီတာ ၁၄၀၀ ရှည်လျားသော အဆိုပါပြန်လည်တည်ဆောက်ရေးစီမံကိန်းသည် ပုံစံ၊ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများတို့ဖြင့် ပြည့်စုံစွာ အဆင့်မြှင့်တင်ကိုယ်စားပြုဖော်ပြထားကာ လာမည့်ဖေဖော် ဝါရီလဆန်းတွင် အဆိုပါကမ်းခြေကို အများပြည်သူတို့အား တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပါသည်။ ၎င်းတွင် ခေတ်မီအပန်းဖြေဇုန်နှင့် အားကစားဇုန်များ၊ မိသားစုနှင့်သင့်တော်သော အဆောက်အအုံများနှင့် တက်ကြွသော လူနေမှု ပုံစံများတို့ဖြင့် အဆင့်မြှင့်တင်ထားရှိကာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနှင့် ဂျော့ဂင်လမ်းကြောင်းများ စသည်တို့လည်း ပါဝင်မည်ဖြစ်ပါသည်။

Sheikh Hamdan က ဒူဘိုင်းသည် ရေရှည်တည်တံ့သော၊ လူထုဗဟိုပြုမြို့ပြစီမံကိန်းရေးဆွဲခြင်းများတွင် စံနှုန်းသစ်များကို ဆက်လက်ချမှတ်လျက်ရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အများပြည်သူသုံးကမ်းခြေများသည် အာရပ်စော်ဘွားများပြည်ထောင်စု၏သွင်ပြင်လက္ခဏာတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှုသည် လူနေမှုဘဝအရည်အသွေးများအား မြှင့်တင်သွားမည့် ဦးဆောင်မှု၏ ကတိကဝတ်ကိုထင်ဟပ်စေကြောင်း ၎င်းက ထောက်ပြခဲ့ပါသည်။

ဤစီမံကိန်းသည် ဒူဘိုင်းဘဝအရည်အသွေးမဟာဗျူဟာ ၂၀၃၃ နှင့် ဒူဘိုင်းမြို့ပြမဟာစီမံကိန်း ၂၀၄၀ တို့နှင့်ကိုက်ညီမှုရှိပြီး အသုံးပြုရလွယ်ကူသည့် အများပြည်သူ ပိုင်နေရာများနှင့် ထိရောက်မှုရှိသော ရွေ့လျားမှုကွန်ရက်များတွင်  ဦးစားပေးဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ အဆင့်မြှင့်တင်မှုများတွင် အိမ်သာများ၊ ရေချိုးခန်းများ၊ အဝတ်လဲခန်းများ၊ လျှပ်စစ်ကားအားသွင်းစခန်းများပါရှိသည့် ကားပါကင်နေရာများနှင့် ကမ်းခြေအဆင့်အတန်းကို မြှင့်တင်ခြင်းနှင့် သန့်ရှင်းသော သဲ ၂၅၀, ၀၀၀ ကုဗမီတာတို့ဖြင့် ပြန်လည်ဖြည့်တင်းခြင်းကဲ့သို့သော ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် အစီအမံများတို့ ပါဝင်ပါသည်။

ကြိုးမဲ့အင်တာနက်၊ စမတ်သော့ခတ်စနစ်များနှင့် AI နည်းပညာသုံးကယ်ဆယ်ရေးနှင့် စောင့်ကြည့်ရေးစနစ်များပါဝင်သည့် အဆင့်မြင့်နည်းပညာများဖြင့်လည်း ပေါင်းစပ်ထားပါသည်။ ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့က ဤစီမံကိန်းသည် အာရပ်စော်ဘွားများပြည်ထောင်စုတစ်ဝှမ်းရှိ ကမ်းခြေများကို အဆင့်မြှင့်တင်ရန်နှင့် ဦးဆောင်ကမ်းခြေမြို့တစ်မြို့အဖြစ် ဒူဘိုင်း၏ကမ္ဘာလုံးဆိုင်ရာ ဆွဲဆောင်မှုကို အားကောင်းစေမည့် ပိုမိုကျယ်ပြန့်သောအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ် ကြောင်း အတည်ပြုပြောကြားခဲ့သည်ကို သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News