International News

ဒူဘိုင်းခရီးသွားလုပ်ငန်းကောလိပ်မှ လိုင်စင်ရဧည့်လမ်းညွှန်အစီအစဉ်အား ငါးနှစ်အကြာတွင် တိုးချဲ့ဆောင်ရွက်မှုများပြုလုပ်

Last Updated:

ဒူဘိုင်းခရီးသွားလုပ်ငန်းကောလိပ်သည် ဒူဘိုင်းမြို့၏ ခရီးသွားလုပ်ငန်းကဏ္ဍအရှိန် အဟုန်ဖြင့် တိုးတက်လျက်ရှိသည့်အတွက် ခရီးသွားဧည့်သည်များ၏ အတွေ့အကြုံများကို ပုံဖော်ရာတွင် ၎င်းတို့၏အခန်းကဏ္ဍအပေါ် အားဖြည့်ပေးသည့် တရားဝင်ဒူဘိုင်းဧည့်လမ်းညွှန်အစီအစဉ်အား ဆောင်ရွက်ထားရှိမှုမှာ  ငါးနှစ်တာကာလ အထိမ်းအမှတ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဒူဘိုင်းခရီးသွားလုပ်ငန်းကောလိပ်မှ စတင်ဆောင်ရွက်ခဲ့သည့် အဆိုပါအစီအစဉ်သည် လူမျိုးပေါင်း ၅၀ ကျော်ပါဝင်သည့်လိုင်စင်ရဧည့်လမ်းညွှန်ပေါင်း ၂,၄၀၀ ကျော်တို့အား  လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ အဆိုပါပဏာမခြေလှမ်းသည် ဒူဘိုင်းတွင် ဧည့်လမ်းညွှန်များအတွက် တစ်ခုတည်းသောတရားဝင် အသိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးပြီးဘွဲ့ရများအား ပြည်နယ်တစ်ဝှမ်းရှိလိုင်စင်ရခရီးသွားကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိုင်စေနိုင်မည်ဖြစ်ပါသည်။

ဤ ၅ နှစ်တာအထိမ်းအမှတ်ကို တည်ဆောက်ရန်အဆိုပါကောလိပ်သည် အွန်လိုင်းဖြင့် အပြည့်အဝတက်ရောက်ရမည့် သင်တန်းအစီအစဉ်၌ စာရင်းသွင်းနိုင်ကြရန်အတွက် အသက် ၁၈ နှစ်နှင့် အထက်ရှိ ယူအေအီးနိုင်ငံတွင် နေထိုင်ကြသူများအား ဖိတ်ခေါ်ထားပါသည်။ အဆိုပါသင်တန်းကို လိုက်လျောညီထွေမှုရှိရန် ပုံစံဖော်ထုတ်ထားပြီး၊ ကိုယ်တိုင်လေ့လာသင်ယူရမည့် သင်တန်းသည် သင်တန်းသားများအား မည်သည့်နေရာမှမဆို လေ့လာနိုင်စေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အင်္ဂလိပ်နှင့် မန်ဒရင်းဘာသာတို့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဒူဘိုင်း၏ခရီးသွားကဏ္ဍသည် စဉ်ဆက်မပြတ်တိုးတက်လာမှုဖြင့် မှတ်တမ်းတင်ထားနိုင်သောကြောင့် တိုးချဲ့လာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒူဘိုင်းမြို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နိုင်ငံတကာညအိပ်ခရီးသွားဧည့်သည်ပေါင်း ၁၇.၅၅ သန်းကိုလက်ခံနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅ % တိုးတက်လာခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် အရည်အချင်းပြည့်မီသော ဧည့်လမ်းညွှန်များအတွက် တည်ငြိမ်မှုရှိသောလမ်းကြောင်းတစ်ခု ဖန်တီးပေးထားကာ လုပ်ငန်းခွင်တစ်လျှောက် မြင့်မား သောဝန်ဆောင်မှုစံနှုန်းများဖြင့် ဆက်လက်ထိန်းသိမ်း၊ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးပေးသွားနိုင်မည်ဖြစ်ပါသည်။

ဤအစီအစဉ်သည် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 နှင့်ကိုက်ညီမှုရှိပြီး စီးပွားရေးနှင့် အပန်းဖြေမှုအတွက် ထိပ်တန်းကမ္ဘာ့နေရာတစ်ခုအဖြစ် ဒူဘိုင်း၏ အဆင့် အတန်းကို ခိုင်မာစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ၎င်းသည် ယူအေအီးနိုင်ငံသားများထံမှ ပိုမိုပူးပေါင်းပါဝင်လာမှုအပေါ်အားပေးထားပြီး လိုက်လျောညီ ထွေမှုရှိသော အချိန်ပြည့်၊ အချိန်ပိုင်းနှင့်အလွတ်တန်းအလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခြင်းအားဖြင့် ယူအေအီးနိုင်ငံသားများ၏ အလုပ်အကိုင်၊ အခွင့် အလမ်းများရရှိလာစေမှု (Emiratisation)အပေါ် ပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။

သင်တန်းအပြီးတွင် သင်တန်းသားများသည် virtual အင်တာဗျူးနှင့် လက်တွေ့စာမေးပွဲများပါ၀င်သော အကဲဖြတ်မှုများကို ကျော်ဖြတ်ပြီးနောက် တရားဝင်ဧည့်လမ်းညွှန်လိုင်စင်ကို ရရှိမည်ဖြစ်ပါသည်။ အစီအစဉ်တွင်ပါဝင်ကြသူများသည် အဓိကဆွဲဆောင်မှုရှိသောနေရာများဆီသို့ စိတ်ကြိုက်ရွေးချယ်နိုင်သည့် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များအား ရရှိနိုင်မည့်အပြင် ၎င်းတို့၏မြေပြင်ဆိုင်ရာအသိ ပညာနှင့်ပရော်ဖက်ရှင်နယ်ကွန်ရက်များမှာ ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း သတင်းဖော်ပြထား ပါသည်။

News Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News