International News

အနောက်အာရှပဋိပက္ခကြောင့် အိန္ဒိယက ဓာတ်ငွေ့ဝယ်ယူရန် အစားထိုးစျေးကွက်များရှာဖွေနေပြီး ဩစတေးလျနှင့် ကနေဒါတို့က ရောင်းချရန် ကမ်းလှမ်းလာကြောင်း အစိုးရသတင်းရင်းမြစ်များ ပြောကြား

Last Updated:

အနောက်အာရှပဋိပက္ခမြင့်တက်လာနေသောကြောင့် အိန္ဒိယသည် အခြားအစားထိုးစွမ်းအင်ရင်းမြစ်များကိုရှာဖွေနေချိန်တွင် သြစတြေးလျနှင့် ကနေဒါတို့သည် အိန္ဒိယသို့ ဓာတ်ငွေ့ရောင်းချရန် ကမ်းလှမ်းခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် လက်ရှိတွင် တစ်ရက်လျှင် ဓာတ်ငွေ့ကုဗမီတာ ၁၉၅ သန်း(mmscmd)တင်သွင်းနေပြီး ထိုအထဲမှ ၆၀ mmscmd ကို ကာတာနိုင်ငံက တင်ပို့နေခြင်းဖြစ်ရာ အစိုးရအနေဖြင့် ဓာတ်ငွေ့ဝယ်ယူရန် အခြားစျေးကွက်များကို ရှာဖွေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အိန္ဒိယသည် ရေနံစိမ်းနှင့် LPG ဓာတ်ငွေ့များဝယ်ယူရန်အတွက် အဓိကရေနံထုတ်လုပ်သည့်နိုင်ငံများ၊ ကုန်သည်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အစိုးရသည်အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ(IEA)၊ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC)တို့နှင့်လည်းညှိနှိုင်းနေကြောင်း၊ ထို့အပြင် သင်္ဘောများအတွက် အာမခံရရှိရန် အမေရိကန်ပြည်ထောင်စုနှင့်လည်းဆွေးနွေးမှုများပြုလုပ်နေကြောင်း သတင်း ရင်းမြစ်များအရ သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏စွမ်းအင်အရင်းအမြစ်များကို စုံလင်ကွဲပြားစေရန်(diversify)အတွက် ယူအေအီး(UAE)နှင့် အမေရိကန်ပြည်ထောင်စု (US)တို့နှင့်လည်း မကြာသေးမီက စာချုပ်အသစ်တစ်ရပ် လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။

သတင်းရင်းမြစ်များ၏အဆိုအရ အိန္ဒိယနိုင်ငံသည် စွမ်းအင်အခြေအနေကို တစ်ရက်လျှင် နှစ်ကြိမ်ပြန်လည်သုံးသပ်လျက်ရှိပြီး ၎င်း၏စွမ်းအင်လုံခြုံရေးနှင့်ပတ်သက်၍ အလွန်စိတ်ချရသော အနေအထားတွင်ရှိနေကြောင်းသိရသည်။ အိန္ဒိယ၏လက်ရှိစွမ်းအင်သိုလှောင်မှုအခြေအနေသည်လည်း ကောင်းမွန်သည့် အနေအထားတွင်ရှိနေပြီး သိုလှောင်ထားရှိမှုများကို နေ့စဉ်ပြန်လည်ဖြည့်တင်းလျက်ရှိသည်။

သတင်းရင်းမြစ်များ၏အဆိုအရ ကမ္ဘာပေါ်တွင် LPG ၊ LNG နှင့်ရေနံစိမ်း ပြတ်လပ်မှုမရှိကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံသည် အခြားသော ရောင်းချသူများနှင့်လည်း ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

အနောက်အာရှတွင် မငြိမ်မသက်မှုများဖြစ်ပေါ်နေသော်လည်း အိန္ဒိယနိုင်ငံတွင် မဟာဗျူဟာမြောက်အရန်သိုလှောင်မှုများအပါအဝင်ရေနံစိမ်း နှင့် စက်သုံးဆီထုတ်ကုန်များမှာ စုစုပေါင်းရှစ်ပတ်စာ(နှစ်လစာ)ခန့်သိုလှောင်ထားရှိပြီးဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် အိန္ဒိယ၏ရေနံစိမ်းတင်သွင်းမှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်သာ ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)ကိုဖြတ်သန်းရခြင်းဖြစ်သောကြောင့် ဒေသတွင်းပဋိပက္ခများကြောင့်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိမှုကို သိသိသာသာလျှော့ချထားနိုင်ကြောင်းဆိုသည်။ အနောက်အာရှဒေသ၏ ပြောင်းလဲနေသောအခြေအနေများကြားတွင် နိုင်ငံ၏စွမ်းအင်လုံခြုံရေးသည် စိတ်ချရသော အနေအထားတွင် ဆက်လက်ရှိနေကြောင်း ၎င်းတို့က အခိုင်အမာပြောကြားခဲ့သည်။

သတင်းရင်းမြစ်များ၏အဆိုအရ အိန္ဒိယနိုင်ငံသည် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လုံလောက်သောသိုလှောင်မှုပမာဏနှင့် စုံလင်ကွဲပြားသောဝယ်ယူစုဆောင်းမှု လမ်းကြောင်းများကြောင့် ရောင်းလိုအားပိုင်းဆိုင်ရာကြုံတွေ့လာရနိုင်သည့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆိုစီမံခန့်ခွဲရန် ကောင်းစွာပြင်ဆင်ထားကြောင်းသိရသည်။ ထို့အပြင် အိန္ဒိယတွင် လက်ရှိ၌ ရေနံစိမ်း ၂၅ ရက်စာခန့်သိုလှောင်ထားရှိပြီးဖြစ်သည်။ ၎င်းအပြင် ဓာတ်ဆီနှင့် ဒီဇယ် ၂၅ ရက်စာခန့်ကိုလည်း ထပ်မံသိုလှောင်ထားရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ခြုံငုံသုံးသပ်ရလျှင် အိန္ဒိယနိုင်ငံ၌ ရေနံစိမ်းနှင့် စက်သုံးဆီထုတ်ကုန် စုစုပေါင်းရှစ်ပတ်စာခန့်သိုလှောင်ထားရှိပြီးဖြစ်ရာ ရေတိုအတွင်း ထောက်ပံ့မှုပြတ်တောက်မှုများဖြစ်ပေါ်လာပါက စွမ်းအင်လုံခြုံစိတ်ချရမှုကို အာမခံချက်ပေးနိုင်မည်ဖြစ်သည်။

အိန္ဒိယ၏ရေနံစိမ်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းသာဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကိုဖြတ်သန်းရခြင်းဖြစ်ပြီး ကျန်ရှိသော ၆၀ ရာခိုင်နှုန်းကိုမူ အခြားသောရင်းမြစ်များမှ ရရှိနေခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယသည် ယခင်ချုပ်ဆိုထားသော စာချုပ်များအတိုင်း ရုရှားရေနံစိမ်းကိုလည်း ဆက်လက်တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံအတွင်း စွမ်းအင်ထောက်ပံ့မှုများအနှောင့် အယှက်မရှိ စီးဆင်းနိုင်စေရန် ကမ္ဘာ့စွမ်းအင်စျေးကွက်ကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောကြားထားသည်။

Reference: The Economic Times, India looking at alternative markets to buy gas: Australia, Canada offered to sell   amid West Asia conflict: Govt Sources, March 5, 2026,

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News