International News

ဗဟိုမှထိန်းချုပ်သည့် ကုန်စည်ပို့ကုန်စနစ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ရန် အင်ဒိုနီးရှားနိုင်ငံသတ်မှတ်

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီကြမ်း၊ကျောက်မီးသွေးနှင့် Ferroalloy ထုတ်ကုန် များအပါအဝင် အရေးကြီးကုန်စည်အချို့အတွက် ဗဟိုမှထိန်းချုပ်သည့် ကုန်စည်ပို့ကုန်စနစ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ PT Danantara Sumberdaya Indonesia(DSI)မှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Indonesia Business Post တွင် ဖော်ပြပါရှိပါသည်။

စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က အရေးကြီးကုန်စည်များအတွက် ပို့ကုန်စာချုပ်များ၊ သင်္ဘောတင်ပို့မှုအစီအမံများနှင့် ပို့ကုန်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့က အသစ်ဖွဲ့စည်းခဲ့သော နိုင်ငံပိုင်လုပ်ငန်းစီမံခန့်ခွဲမှုအောက်ရှိ ဗဟိုမှထိန်းချုပ်သည့် ကုန်စည် ပို့ကုန်စနစ်ဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အရေးကြီးပို့ကုန်သုံးမျိုးဖြစ်သည့် ကျောက်မီးသွေး၊စားအုန်းဆီကြမ်းနှင့် Ferroalloy တို့အတွက် ကနဦးအစီအမံဆောင်ရွက်ချက်အဖြစ် စတင်မည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ပို့ကုန်စုစုပေါင်း၏၆၀ ရာခိုင်နှုန်းအပေါ်သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ တစ်နေရာတည်းမှတင်ပို့သည့် ပို့ကုန်လုပ်ငန်းစဉ်(Single-gate export mechanism)ကိုကျင့်သုံးခြင်းဖြင့် ကုန်သွယ်မှုဆိုင်ရာလုပ်ဆောင်ချက်များကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ပို့ကုန်မှရရှိသည့် နိုင်ငံခြားသုံးငွေ(DHE)များကို ပြည်တွင်းဘဏ္ဍာငွေအတွင်း ထိန်းသိမ်းထားရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါ သည်။

အဆိုပါမူဝါဒကို အကောင်အထည်မဖော်မီ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ သုံးလကြာအကူးအပြောင်းကာလတစ်ခုအဖြစ် သတ်မှတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားမှ ဝယ်ယူသူများနှင့် တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ခွင့်ရရှိမည်ဖြစ်သော်လည်း စျေးကွက် မတည်ငြိမ်မှုရှိလာနိုင်ကာ ကုန်စည်ပို့ဆောင်မှုကြန့်ကြာခြင်းကြောင့်ဖြစ်ပေါ်လာမည့် Demurrage Charges အပါအဝင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အပိုကုန်ကျစရိတ်များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် Thermal coal တန်ချိန် သန်း ၃၅၀ မှ ၄၀၀ ခန့်အထိ နှစ်စဉ်တင်ပို့လျက်ရှိပြီး ကမ္ဘာ့အကြီးဆုံးကျောက်မီးသွေးတင်ပို့သည့် နိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည့်အတွက် ၎င်း၏ပို့ကုန်ကဏ္ဍတွင် အခက်အခဲဖြစ်ပေါ် လာပါက စျေးကွက်အတွင်း ကုန်စည်ရရှိနိုင်မှုအပေါ် သက်ရောက်မှုများစွာရှိပါ သည်။

ရင်းမြစ်။        Indonesia Business Post

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News