International News

Senoko Energy Pte Ltd တွင် ရှယ်ယာအများစုကို ဝယ်ယူရန် Sembcorp Utilities Pte Ltd ၏အဆိုပြုချက် စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့ ဆန်းစစ်မှုများပြုလုပ်

Last Updated:

စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့(Energy Market Authority-EMA) က Senoko Energy Pte Ltd တွင် ရှယ်ယာအများစုကို ဝယ်ယူရန် Sembcorp Utilities Pte Ltd ၏အဆိုပြုချက်ကို ဆန်းစစ်မှုများပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြန်လည်ဆန်းစစ်ရခြင်းမှာ Sembcorp က ရှယ်ယာများကို ရယူလိုက်ပါက လျှပ်စစ်ဓာတ်အားလက်လီလက်ကားဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးနှင့် သုံးစွဲသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်မှစ၍ EMA က လိုင်စင်ရရှိထားသူများအတွက် အရောင်းအဝယ်ပြုလုပ်နိုင်သည့် ဈေးကွက်ရှယ်ယာ ၂၅ ရာခိုင်နှုန်းသတ်မှတ်ချက်ကို အကောင်အထည်ခဲ့ပါသည်။အဆိုပါသတ်မှတ်ချက်မှာ စင်ကာပူလျှပ်စစ်ဓာတ်အားလက်ကားဈေးကွက်တွင် ဈေးကွက်လက်ဝါးကြီးအုပ်ကြီးစိုးမှုကို ကာကွယ်ရန်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်တွင် EMA က စင်ကာပူလျှပ်စစ်ဓာတ်အားလက်ကားဈေးကွက်တွင် ဈေးနှုန်း အလွန်ကြီးမြင့်မှုလျော့နည်းစေရန် ယာယီဈေးနှုန်းသတ်မှတ်ချက်ကဲ့သို့သော ကန့်သတ်ချက်များကို ချမှတ်ခဲ့ပါသည်။ လာမည့်လေးနှစ်အတွင်း ၂.၄ ဂစ်ဂါဝပ်ကျော်ရှိ ဂတ်စ်အသုံးပြုဓာတ်အားစက်ရုံများဆောင်ရွက်မည်ဖြစ်ပြီး ဆိုလာလျှပ်စစ် ဓာတ်အားနှင့် ကာဗွန်နည်းလျှပ်စစ်ဓာတ်အားတင်သွင်းမှုတို့ကြောင့် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်လာမည်ဖြစ်ပါသည်။

EMA အနေဖြင့် အနာဂတ်တွင် ဈေးကွက်ပိုင်ဆိုင်မှုကို မည်သို့စီမံခန့်ခွဲသင့်သည်ကို သုံးသပ်လျက်ရှိပြီး ၂၀၂၆ ခုနှစ်တွင် ပြန်လည်ဆန်းစစ်မှုပြီးစီးမည်ဟု မျှော်မှန်းထားပါသည်။ ပြန်လည်ဆန်းစစ်မှုပြုလုပ်နေသည့်ကာလအတွင်း EMA သည် လုပ်ငန်းများပေါင်းစည်းမှုကြောင့် သုံးစွဲသူများထိခိုက်မှုမရှိသည့်၊ ဈေးကွက်ရှယ်ယာပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းထက်ကျော်လွန်သည့် လုပ်ငန်းများပေါင်းစည်းမှုကို ခွင့်ပြုမည်ဖြစ်ပါသည်။

Sembcorp သည် Senoko တွင် ရှယ်ယာအများစုရယူရန်အတွက် ပြန်လည်ဆန်းစစ်မှုလုပ်ငန်းစဉ်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများသို့ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဈေးနှုန်းဖြင့် လက်လီရောင်းချပေးနိုင်ရေးစာချုပ်ကို ချုပ်ဆိုရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ EMA အနေဖြင့် စင်ကာပူ လျှပ်စစ်ဓာတ်အားလက်ကားဈေးကွက်နှင့် လက်လီဈေးကွက်တို့ကို စောင့်ကြည့်အကဲဖြတ်မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အားပမာဏနှင့် ဈေးနှုန်းများမှာ ကိုက်ညီမှုမရှိပါက Sembcorp နှင့် Senoko တို့ကို သင့်တော်သည့်ဈေးနှုန်းဖြင့် လက်လီလျှပ်စစ်ဓာတ်အားစာချုပ်များ ထပ်တိုးချုပ်ဆိုရန် ဆောင်ရွက်စေမည်ဖြစ်ပါသည်။

EMA သည် လျှပ်စစ်ဓာတ်အားဈေးကွက်တွင် လက်လီစာချုပ်များလုံလောက်မှုရှိစေရေး စင်ကာပူလျှပ်စစ်ဓာတ်အားလက်ကားဈေးကွက်နှင့် လက်လီဈေးကွက်တို့တွင် ပါဝင်သူများ၏ ကမ်းလှမ်းချက်များကို ဆက်လက်ကြီးကြပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် ဆောင်ရွက်ချက်များတွေ့ရှိပါက လိုအပ်သကဲ့သို့အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်။        Energy Market Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News