International News

အိန္ဒိယနှင့် အာဆီယံတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်အား ယခု ၂၀၂၆ နှစ်ကုန်တွင် အဆင့်မြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီပြောကြား

Last Updated:

အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ကို ယခုနှစ်ကုန်တွင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါသဘောတူညီချက်ကို ၂၀၀၉ ခုနှစ်၊ ယူပီအေ (UPA)အစိုးရလက်ထက်တွင် စတင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ကုန်သွယ်ရေးလိုငွေသိသိသာသာမြင့်တက်လာမှုများကြောင့် နှစ်ဖက်ကုန်သွယ်ဖက်များကြား ၂၀၂၄ ခုနှစ်တွင် ပြန်လည်ညှိနှိုင်းမှုများစတင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်သမ္မတတိုလမ်နှင့်အတူပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်မိုဒီက "အိန္ဒိယနဲ့ ဗီယက်နမ်ကြား နှစ်နိုင်ငံကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း နှစ်ဆတိုးလာပြီး ဒေါ်လာ ၁၆ ဘီလီယံအထိရောက်ရှိလာခဲ့ပါတယ်"ဟုပြောကြားခဲ့သည်။ထို့အပြင် နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၂၅ ဘီလီယံအထိရောက်ရှိစေမည့် အရေးကြီးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းလဲ သိရှိရသည်။

အဆိုပါအိန္ဒိယ-အာဆီယံကုန်သွယ်ရေးပြန်လည်သုံးသပ်မှုသည် အိန္ဒိယနိုင်ငံစီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနမှ လုပ်ဆောင်နေသည့် ညှိနှိုင်းမှုများအနက် စိန်ခေါ်မှုအရှိဆုံးကိစ္စရပ်ဖြစ်နေကြောင်း သိရသည်။ လက်ရှိသဘောတူညီချက်များအရ အာဆီယံနိုင်ငံများအနေဖြင့် အိန္ဒိယနှင့် ကုန်သွယ်မှုတွင် အားသာချက်ပိုမိုရရှိနေကြောင်းသိရှိရပြီး အိန္ဒိယနိုင်ငံ ၏အာဆီယံဒေသနှင့် ကုန်သွယ်မှုလိုငွေမှာ ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၅ ဘီလီယံအထိမြင့်တက်လာခဲ့ကြောင်းသိရှိရသည်။ အိန္ဒိယစီးပွားရေးဝန်ဆောင်မှု (IES)၏ သုတေသနစာတမ်းတွင် ဖော်ပြချက်များအရ ၁၉၉၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံ ၁၀နိုင်ငံနှင့်ကုန်သွယ်မှုပုံစံကို လေ့လာ ရာတွင် သွင်းကုန်များတိုးတက်လာကြောင်းတွေ့ရှိရသော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ပို့ကုန်များကျဆင်းသွားကြောင်းနှင့် ရလဒ်အနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်နေကြောင်း သိရှိ ရသည်။

ထို့ကြောင့်  ဝန်ကြီးချုပ်မိုဒီအနေဖြင့် ကုန်သွယ်ရေးပြန်လည်သုံးသပ်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပြီး အရေးကြီးသော  သတ္တု တွင်းထွက်များ၊ မြေရှားသတ္တုနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအစပျိုးမှုများမှတစ်ဆင့် အိန္ဒိယနှင့်ဗီယက်နမ်တို့အကြား နှစ်နိုင်ငံစီးပွားရေးလုံခြုံမှုနှင့် ထောက်ပံ့ရေးကွင်းဆက်ကြံ့ခိုင်မှုကို အာမခံပေးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆေးဝါး ထိန်းကျောင်းကြပ်မတ်ရေးအဖွဲ့များအကြား နားလည်မှုစာချွန်လွှာ(MOU)သည် ဗီယက်နမ်နိုင်ငံသို့ အိန္ဒိယဆေးဝါးများပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အိန္ဒိယ နှင့် ဗီယက်နမ်တို့အကြား ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများကို မြှင့်တင်နိုင်ရေးအတွက် အိန္ဒိယ UPI စနစ်နှင့် ဗီယက်နမ် Fast Payment စနစ်တို့အကြား ချိတ်ဆက်ခြင်းကဲ့သို့သော ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။

အနောက်အာရှ၊ အမေရိကန်နှင့် ဥရောပရှိ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးများကြောင့် ဈေးကွက်မသေချာမှုများကြုံတွေ့နေရသော အိန္ဒိယနိုင်ငံအတွက် လွတ်လပ်သော အာဆီယံကုန်သွယ်ရေးဒေသ (FTA)နိုင်ငံများသို့ ပို့ကုန်များအမျိုးအစားစုံလင်စွာတင်ပို့နိုင်ရေး ယခုကုန်သွယ်ရေးပြန်လည် ညှိနှိုင်းမှုသည် အရေးပါသော ညှိနှိုင်းမှုဖြစ် ကြောင်းသိရသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံး(PMO)၏ ထုတ်ပြန်ကြေညာချက်များအရ အိန္ဒိယနှင့် ဗီယက်နမ်တို့အနေဖြင့် အကျိုးစီးပွားရှိသောကဏ္ဍများ၌ ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာစေရေးသဘောတူခဲ့ကြကြောင်း၊ ဗီယက်နမ် ဘက်မှလည်း ၎င်းတို့၏ပြည်တွင်းထုတ်လုပ်မှုနှင့် ပို့ကုန်လိုအပ်ချက်များအတွက် အိန္ဒိယနိုင်ငံ၏ထုတ်ကုန်များကို ပိုမိုတင်သွင်းရန် သဘောတူခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် နှစ်နိုင်ငံကုမ္ပဏီများအတွက် စံချိန်စံညွှန်းလိုက်နာမှုဆိုင်ရာလက်မှတ်ထုတ်ပေးခြင်းအပါအဝင် စီးပွားရေးလုပ်ကိုင် ရန်လွယ်ကူစေမည့် ပိုမိုကောင်းမွန်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်ရေး နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအငြင်းပွားမှုများကို နှစ်နိုင်ငံဆိုင်ရာအဖွဲ့အစည်း များမှ တစ်ဆင့်ဖြေရှင်းနိုင်ရေး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်ကတ္တားမြို့)

Category: International News