ဂျပန်နိုင်ငံသည် ပင်လယ်ကြမ်းပြင်၌ မြေရှားသတ္တုတူးဖော်ရာတွင် စိန်ခေါ်မှုများစွာရှိသော်လည်း စီးပွားရေးလုံခြုံစိတ်ချစေရေးအတွက် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း The Japan Times သတင်းဌာန၏အွန်လိုင်းသတင်းတွင် “Japan tackles challenges of seafloor rare earth mining, eyeing economic security” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံသည် အနာဂတ်ကာလတွင် ပြည်တွင်း၌ မြေရှားသတ္တု(Rare Earth)ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဝေးလံခေါင်ဖျားသော ဂျပန်ကျွန်းတစ်ခုဖြစ်သည့် မီနာမီတိုရီရှီးမား(Minamitorishima)ကျွန်းအနီးတွင် ပင်လယ်ကြမ်းပြင်မှ မြေရှားသတ္တုများအပါအဝင် အရေးပါသည့်တွင်းထွက်သယံဇာတများတူးဖော်မည့်လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုကဲ့သို့သောတွင်းထွက်သတ္တုများ တူးဖော်ခြင်းသည် သဘာဝသယံ ဇာတရှားပါးသော ဂျပန်နိုင်ငံအတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ် ကြောင်း၊ ဂျပန်နိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တိုကျိုမြို့၊ အိုဂါဆာဝါရာကျေးရွာ(Ogasawara)အပိုင်ဖြစ်သော ထိုကျွန်းအနီး ပင်လယ် ရေမျက်နှာပြင်အောက်မီတာ ၆,၀၀၀ အနက်တွင် မြေရှားသတ္တုများပါဝင်သည့် ရွှံ့နွံများကို တူးဖော်၍ စမ်းသပ်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ အဆိုပါတွင်းထွက်သတ္တုများကို အစောဆုံး ၂၀၂၈ ခုနှစ်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားသော် လည်း အစိုးရသည် စီးပွားရေးလုံခြုံစိတ်ချရန်အတွက် သတ္တုတူးဖော်ခြင်း၏ အရေးပါမှုနှင့် စီးပွားရေးအရ တွက်ခြေကိုက်မှုတို့အကြား ညီမျှမှုရှိ/မရှိဟူသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။
မီနာမီတိုရီရှီးမားကျွန်းအနီးရှိ ပင်လယ်ကြမ်းပြင်၌ လျှပ်စစ်ကား(EV) များအတွက် ဘက်ထရီများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတ်သတ္တုများဖြစ်သည့် ကိုဘော့(Cobalt)ကြွယ်ဝသော အလွှာများ(Crusts)နှင့် မန်ဂနိစ်(Manganese)သတ္တုလုံးငယ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာအနီးတဝိုက်တွင် သဘာဝတွင်းထွက်သတ္တုသယံ ဇာတများကြွယ်ဝစွာတည်ရှိနေကြောင်း၊ အလားတူအဆိုပါနေရာတွင် ရှားပါးပြီးဈေးကြီးသည့် မြေရှားသတ္တုဒြပ်စင်များဖြစ်သည့်လျှပ်စစ်ကား (EV)များနှင့် လေအားလျှပ်စစ် တာဘိုင်စက်များတွင် အသုံးပြုသည့် စွမ်းဆောင်ရည်မြင့်မော်တာများထုတ်လုပ်ရာတွင်အသုံးပြုသည့်နီယိုဒီမီယမ် (Neodymium)နှင့်ဒစ်ပရိုစီယမ်(Dysprosium)ပါရှိသော ရွှံ့နွံများတည်ရှိနေခြင်းကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသည် ကမ္ဘာ့ပထမဆုံးဖြစ်သည့် ပင်လယ်ရေနက်ပိုင်း မြေရှားသတ္တုတူးဖော်ရေးဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် နှစ်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုလက်ရှိဆောင်ရွက်နေသောအစီအစဉ်တွင် ဂျပန်အစိုးရအဖွဲ့ရုံးနှင့် ဂျပန်ပင်လယ်ပြင်-ကမ္ဘာမြေသိပ္ပံနှင့်နည်းပညာအေဂျင်စီ (JAMSTEC)တို့သည် ချီကျူ(Chikyu)အမည်ရှိ ပင်လယ်နက်ပိုင်းတူးဖော်ရေးသင်္ဘောမှတစ်ဆင့် အရှည် ၁၀ မီတာခန့်ရှိသော ပိုက်လိုင်းပေါင်း ၆၀ဝ ခန့်ကိုဆက်၍ ပိုက်ထိပ်ဖျားရှိ တူးဖော်ရေးကိရိယာက ရွှံ့နွံများကို သိမ်းယူပြီး ပင်လယ်ရေနှင့်ရောနှောကာ အပေါ်သို့ စုပ်တင်သည့်နည်းလမ်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ တူးဖော်ရေးကိရိယာသည် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိပြီး စမ်းသပ်စစ်ဆေးမှု အောင်မြင်ခဲ့ကြောင်း၊ အဆိုပါနည်းလမ်းကို ၂၀၂၂ ခုနှစ်တွင် အိုင်ဘာရာကီစီရင်စုကမ်းလွန်ပင်လယ်ပြင်၌ စတင်စမ်းသပ်မှုဆောင်ရွက်ခဲ့ပြီး တိုးတက်ကောင်းမွန်အောင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်အစိုးရသည် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပါမြေရှားသတ္တုတူးဖော်ခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေအဖြစ် ယန်း ၁၆.၄ ဘီလီယံခွင့်ပြုခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် တစ်ရက်လျှင် ရွှံ့နွံတန်ချိန် ၃၅၀ တူးဖော်ခြင်းဖြင့် မြေရှားသတ္တုပြန်လည်ထုတ်ယူမှုအပေါ် စီးပွားရေးတွက်ခြေကိုက်မှုကို ဆန်းစစ်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန(METI)၏ခန်မှန်းချက်အရ တစ်ရက်လျှင် ရွှံ့နွံတန်ချိန် အနည်းဆုံးတန်ချိန် ၃,၅၀၀ တူးဖော်နိုင်မှသာ တွက်ခြေကိုက်မည်ဖြစ် ကြောင်း၊ အဆိုပါပမာဏတူးဖော်နိုင်ရန်အတွက် သင်္ဘောများနှင့် ရေထုတ်စက်ရုံ(dewatering facilities)နှစ်ခုစလုံးကို အဆင့်မြှင့်တင်ရန် လိုအပ်ပြီး ကုန်ကျစရိတ်မြင့်မားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို ချုပ်ကိုင်ထားပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးယိမ်းယိုင်သည့်ကာလများတွင် အဆိုပါသတ္တုများတင်ပို့မှုအပေါ် ထိန်းချုပ်မှုများ တင်းကျပ်စွာလုပ်ဆောင်လျက်ရှိသည့်အတွက် မြေရှားသတ္တုများအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရန်မှာ စီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါကြောင်း၊ သို့ဖြစ်ရာ ဂျပန်စီးပွားရေးလုံခြုံစိတ်ချရမှု ဝန်ကြီးကီမီအိုနိုဒါက ဤစီမံ ကိန်းသည် စီးပွားရေးတည်ငြိမ်မှုကို ကာကွယ်နိုင်ရန်အတွက် ကုန်ကျ စရိတ်ကြီးမြင့်သော်လည်း ယခုစီမံကိန်းကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://www.japantimes.co.jp/business/2026/05/07/economy/japan-rare-earth-production/
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)