International News

ဝယ်လိုအားကျဆင်းလာသည့်အတွက် နစ်ဆန်းမော်တော်ကားကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၌ လျှပ်စစ်မော်တော်ကားထုတ်လုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့

Last Updated:

ဝယ်လိုအားကျဆင်းလာသည့်အတွက် နစ်ဆန်းမော်တော် ကားကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၌ လျှပ်စစ်မော်တော်ကားထုတ်လုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Nissan to scrap U.S. EV production plan amid slowing demand” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါ သည်။

အဆိုပါသတင်းတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြည်တွင်း၌ လျှပ်စစ်ကား(EV)ဝယ်ယူမှုအပေါ် အခွန်လျှော့ပေးမှုကို ရပ်ဆိုင်းခဲ့သည့်အတွက် ပြည်တွင်းတွင် လျှပ်စစ်ကားဝယ်လိုအား ကျဆင်းလာခြင်းကြောင့် ဂျပန်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Nissan Motor Co သည် အမေရိကန်ပြည်ထောင်စု၌ လျှပ်စစ်ကားထုတ်လုပ်မည့်အစီအစဉ်ကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် Nissan Motor Co အနေ ဖြင့် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့အဓိကထားရသည့်စျေးကွက်တစ်ခုအဖြစ်သာမကတည်ငြိမ်သောအကျိုး အမြတ်နှင့် ရေရှည်တိုးတက်မှုအတွက် အဓိကကျသည့် အခြေခံအုတ်မြစ်အဖြစ် ဆက်လက်သတ်မှတ်ထားဆဲဖြစ် ကြောင်း ဖော်ပြထားပါသည်။

Nissan Motor Co သည် မစ္စစ္စပီပြည်နယ်၊ Canton ရှိ စက်ရုံတွင် လျှပ်စစ်ကားများအစား အခြားမော်တော်ယာဉ်အမျိုးအစားများကိုသာ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ် ကြောင်း၊ Nissan Motor Co သည် လျှပ်စစ်ကားမော်ဒယ်အမျိုးအစားများစွာကို အခြေခံလေ့လာ၍ ထုတ်လုပ်မည့်နည်းဗျူဟာသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းကြောင့် ရပ်တန့်သွားခဲ့ကြောင်း၊ အဆိုပါစက်ရုံတွင် လျှပ်စစ်ကားမော်ဒယ်အများအပြားထုတ်လုပ်ရန်စီစဉ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင်မူ Compact EV(ကိုယ်ထည် သေးငယ်သော လျှပ်စစ်ကား)ထုတ်လုပ်နိုင်မည်မဟုတ်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားပါ သည်။

သို့ရာတွင် Nissan Motor Coသည် အမေရိကန်ပြည်ထောင်စု၌  လျှပ်စစ်ကားနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် စျေးကွက်ဝယ်လိုအားနှင့် မူဝါဒအပြောင်း အလဲများကို အနီးကပ်စောင့်ကြည့်၍  လိုက်လျောညီထွေဖြစ်စေမည့်ချဉ်းကပ်မှုမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် Hybrid ကားများကဲ့သို့သော မော်တာစွမ်းအင်စနစ်(Powertrain)ရွေးချယ်စရာအမျိုးမျိုးကို ကမ်းလှမ်းသွားမည်ဖြစ်ပြီး ထုတ်လုပ်မည့်ကားအမျိုးအစားများကိုလည်း လျှော့ချသွားမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

Source: https://japantoday.com/category/business/nissan-to-scrap-u.s.-ev-production-plan-amid-slowing-demand

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News