International News

Indo-Pacific Economic Framework for Prosperity(IPEF)ဝန်ကြီးများအဆင့်အစည်းအဝေးသို့ ဂျပန်စီးပွားရေးဝန်ကြီး တက်ရောက်ခဲ့

Last Updated:

Indo-Pacific Economic Framework for Prosperity(IPEF)ဝန်ကြီးများအဆင့်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့ပြီး၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Saito Ken နှင့် State Minister for Foreign Affairs ဖြစ်သူ Mr. Tsuji Kiyoto တို့တက်ရောက်ခဲ့ကြောင်း ၆-၆-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင် Indo-Pacific Economic Framework for Prosperity(IPEF)ဝန်ကြီးအဆင့်အစည်းအဝေးနှင့် Investor Forum သို့ IPEF အဖွဲ့ဝင် ၁၄ နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံစုံဖွံ့ဖြိုးမှုဘဏ်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပုဂ္ဂလိကကုမ္ပဏီများ တက်ရောက်ခဲ့ကြပြီး၊ IPEF Clean Economy Agreement ၊ IPEF Fair Economy Agreement နှင့် IPEF Agreement တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသက်ဝင်ခဲ့ပြီးဖြစ်သည့် IPEF Supply Chain Agreement အရ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြကြောင်း၊ ထို့နောက် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများနှင့် ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်သည့် နည်းပညာဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်ရေးအတွက် Investor Forum ကိုကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါသည်။

IPEF Agreement ပါ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) IPEF အဖွဲ့ဝင်နိုင်ငံများအကြား ဝန်ကြီးအဆင့်ပူးတွဲကော်မရှင် ဖွဲ့စည်းသွားရန်၊

(ခ) IPEF Council နှင့်ဝန်ကြီးအဆင့် Joint Commission အစည်းအဝေးများကို စာချုပ်အသက်ဝင်ပြီး ၁ နှစ်အတွင်း ကျင်းပသွားရန်နှင့် အစည်းအဝေးများကို ၁ နှစ်လျှင် ၁ ကြိမ် ကျင်းပသွားရန်၊

(ဂ)    ဖြစ်နိုင်ပါက IPEF Council ၊ Joint Commission နှင့် Trade Commission အစည်းအဝေးများကို တစ်ပြိုင် တည်းနှင့်တစ်နေရာတည်းတွင် ကျင်းပနိုင်ရေး ဆောင်ရွက်သွားရန်၊

(ဃ) IPEF Council ၏ သဘာပတိအဖြစ် အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဆောင်ရွက်ကြရန်၊

(င)    IPEF ၏ ဆုံးဖြတ်ချက်များကို တူညီဆန္ဒ(Consensus)နှင့်အညီ ဆောင်ရွက်ကြရန်၊

(စ)    အဖွဲ့ဝင်နိုင်ငံများအကြား Contact Point ထားရှိဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

IPEF Clean Economy Agreement ပါ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) သန့်ရှင်းသောလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများအား ခွင့်ပြုမိန့်များထုတ်ပေးရာ၌ ပွင့်လင်းမြင်သာမှုများပိုမိုမြှင့်တင်နိုင်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများအားလုံးပေါင်း၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံသို့ရောက်ရှိစေရေး ဆောင်ရွက်ကြရန်၊

(ခ)    ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့်စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးဆောင်ရွက်ကြရန်နှင့် သန့်ရှင်းသောစွမ်းအင်သို့ အသွင်ကူးပြောင်းရာတွင် ပံ့ပိုးဆောင်ရွက်ကြရန်၊

(ဂ)    နယ်စပ်ဖြတ်ကျော်ဟိုက်ဒရိုဂျင်သယ်ဆောင်ရာတွင် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး သတ်မှတ်ထားသောစံနှုန်းများနှင့်စည်းမျဉ်းများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေသွားကြရန်၊

(ဃ) နျူကလီးယားစွမ်းအင်ဆိုင်ရာနည်းပညာများကို သုံးစွဲရာတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် လုံခြုံမှုရှိစေရေးအတွက် ခိုင်မာအားကောင်းသည့်မူဝါဒနှင့် စည်းမျဉ်းများချမှတ်ဆောင်ရွက်သွားကြရန်၊ အဆင့်မြင့်နျူကလီးယားစွမ်းအင်ဆိုင်ရာ နည်းပညာများတီထွင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊

(င)    နိုင်ငံဖြတ်ကျော်လျှပ်စစ်ဓာတ်အားရောင်းချနိုင်ရေးအတွက် ပင်လယ်ရေအောက်မှတစ်ဆင့် လျှပ်စစ်မီးကြိုးများသွယ်တန်းနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်၊

(စ)   ကာဗွန်ကင်းစင်သည့် ကမ္ဘာကြီးဖြစ်စေရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ ၂၀၃၀ ပြည့်နှစ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများအားလုံးပေါင်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အနည်းဆုံးအမေရိကန်ဒေါ်လာ ၂၀ ဘီလီယံသို့ ရောက်ရှိစေရေး ဆောင်ရွက်ကြရန်၊

(ဆ) သန့်ရှင်းသော စွမ်းအင်ဆိုင်ရာနည်းပညာများနှင့်ဆက်စပ်သည့် အစိတ်အပိုင်းများ၊ ကုန်ကြမ်းများ၊ အရေးပါသည့်သယံဇာတအရင်းအမြစ်များ လုံလောက်စွာရရှိထားနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

IPEF Fair Economy Agreement ပါ အဓိကအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အဖွဲ့ဝင်နိုင်ငံများအကြား လာဘ်ပေးလာဘ်ယူကင်းရှင်းစေရေးဆောင်ရွက်သွားကြရန်၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် Financial Action Task Force ၏အကြံပြုချက်များကို လေးစားလိုက်နာကြရန်၊ အစိုးရဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းစေရေးအတွက် မူဝါဒများချမှတ်နိုင်ရန် စွမ်းဆောင်ရည်မြှင်တင်ရေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းစေရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများမျှဝေနိုင်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်နိုင်ရေးနှင့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအတွက် ဥပဒေရေးရာဝန်ထမ်းများအတွက် သင်တန်းများဖွင့်လှစ်ပေးရန်၊

(ခ)    အစိုးရ၏ဝယ်ယူရေးစနစ်ပွင့်လင်းမြင်သာမှုရှိစေရေးနှင့် ထိရောက်ကောင်းမွန်သည့် ထိန်းချုပ်မှုများချမှတ်နိုင်ရေးဆောင်ရွက်ကြရန်နှင့် အစိုးရထံ ကုန်စည်များရောင်းချသူများအား ကောင်းမွန်သော စီးပွားရေးကျင့်စဉ်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး မြှင့်တင်နိုင်မည့်မူဝါဒများ ချမှတ်သွားကြရန်၊

(ဂ) မျှတသော၊ သာတူညီမျှသော၊ ပွင့်လင်းမြင်သာမှုရှိသော အလုပ်သမားဥပဒေများဖြစ်စေရေးအတွက် ဆောင်ရွက်သွားကြရန်၊

(ဃ) အဖွဲ့ဝင်နိုင်ငံများ၏ အခွန်ဆိုင်ရာ အာဏာပိုင်များအကြား အခွန်ဆိုင်ရာသတင်းအချက်အလက်များမျှဝေနိုင်ရေး၊ သတင်းအချက်အလက်များပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ကြရန်၊

(င)    အကျိုးခံစားခွင့်ရှိသူပိုင်ရှင်(Beneficial Ownership)ဆိုင်ရာ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေး၊ အိမ်ခြံမြေဈေးကွက်အတွင်း ဈေးကွက်ကစားမှုများကို ရှောင်ရှားနိုင်ရေးအတွက် အချက်အလက်များဖလှယ်ခြင်းနှင့် ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေခြင်းတို့ဆောင်ရွက်သွားကြရန် ဖော်ပြထားပါသည်။

Source: Ministry of Foreign Affairs Japan

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News