၂၀၂၆ ခုနှစ် မေလ (၁) ရက်မှ (၃၁) ရက်နေ့အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ(၈၇.၈)ဘီလီယံရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ(၆၀.၈)ဘီလီယံသုံးစွဲခဲ့ရပါသည်။ သို့ဖြစ်၍ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၄၈.၆) ဘီလီယံရှိခဲ့ပါသည်။ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှု(၅၃.၂)ရာခိုင်နှုန်းမြင့်တက်လာ ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာလည်း (၂၀.၈)ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ(Semiconductor Chips)၊ ကွန်ပျူတာနှင့် သတင်းအချက် အလက်နည်းပညာဆိုင်ရာ ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတိုးမြှင့်တင်ပို့နိုင်ခဲ့သည့်အပြင် ဉာဏ်ရည်တု(Artificial Intelligence - AI)နည်းပညာဆိုင်ရာ လိုအပ်ချက်များမြင့်တက်လာခြင်းကြောင့် ပို့ကုန်ဝင်ငွေသိသိသာသာတိုးတက်ခဲ့ပါသည်။ထို့ကြောင့် ပို့ကုန်ဝင်ငွေသည် သွင်းကုန် တင်သွင်းမှုထက် မြင့်မားကာ အမေရိကန်ဒေါ်လာ(၂၆.၉၅)ဘီလီယံကုန်သွယ်မှုပိုငွေ(Trade Surplus)ရရှိခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ၏ ပို့ကုန်တင်ပို့မှု ဝင်ငွေသည် ယခင်နှစ်အလားတူကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ မေလနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်ခဲ့သည့်အပြင် အနီးစပ်ဆုံးကာလဖြစ်သော ၂၀၂၆ ခုနှစ်၊ ဧပြီလ၏ပို့ကုန်တင်ပို့မှုဝင်ငွေထက်လည်း အနည်းငယ်ပိုမိုမြင့်မားခဲ့ကြောင်း၊ လစဉ်ပို့ကုန်တင်ပို့နိုင်မှု အမေရိကန်ဒေါ်လာ ၈၀ ကျော်ရရှိသည့် (၃)လဆက်တိုက်မြောက်လလည်းဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရဌာနများက ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရှိရပါသည်။ ၂၀၂၆ ခုနှစ်၊ မေလအတွင်း Semiconductor(Chip)များ၊ ကွန်ပျူတာပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ သင်္ဘောတည်ဆောက်ရေးပစ္စည်းများတင်ပို့နိုင်မှု တိုးတက်လာခဲ့ပြီး၊ ကား၊ စတီးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ရေနံဓါတုကုန်ကြမ်းပစ္စည်းများတင်ပို့နိုင်မှုတွင် အနည်းငယ်လျော့ကျခဲ့ ကြောင်း သိရှိရပါသည်။
Source:https://www.chosun.com/english/market-money-en/2026/05/21/CLNYE5H4VNHS5ISB265TCEHOLU/
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)