International News

အစိုးရက ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် Tariff-Rate Quota နှင့် ဈေးကွက်အတွင်း အရန်သိုလှောင်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးသည့်စနစ်ကို အသုံးပြုသွားမည့်အခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့်ဖြစ်ပေါ်လာ သည့်ကုန်စည်ထောက်ပံ့မှုဆိုင်ရာ အဟန့်အတားများနှင့် ဈေးနှုန်းမြင့်တက်မှုဖိအားများကို လျှော့ချနိုင်ရန် နွေရာသီကာလမတိုင်မီ စားသုံးသူဈေးနှုန်းတည်ငြိမ်ရေးအစီအမံများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Tariff-Rate Quota (TRQ)စနစ်(သတ်မှတ်ပမာဏအတွင်း အကောက်ခွန်နှုန်း သက်သာစွာဖြင့်တင်သွင်းခွင့်ပြုသည့်စနစ်)နှင့် အစိုးရ၏ အရန်သိုလှောင်ထားသော ကုန် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချခြင်းစနစ်တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း(Consumer Price Index-CPI)သည် ၂၀၂၆ ခုနှစ်၊ မေလတွင် ယခင်နှစ် အလားတူကာလထက် ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ယင်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ၂၆ လအတွင်း အမြန်ဆုံးမြင့်တက်မှုနှုန်းဖြစ်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အပူချိန်မြင့်တက်မှုကြောင့် စိုက်ပျိုးရေးထွက်ကုန်ထောက်ပံ့မှု လျော့နည်းလာခြင်းတို့က ဈေးနှုန်းမြင့်တက်မှု၏ အဓိကအကြောင်းရင်းများဖြစ် ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် အစားအသောက်ကုန်စည်ဈေးနှုန်းများတည်ငြိမ်စေရန် Tariff-Rate Quota (TRQ)စနစ်ကို အသုံးပြု၍ ဝက်သားနှင့် ကြက်သားတင်သွင်းမှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များအတွက် ဈေးလျှော့ရောင်းချပေးသည့် အစီအစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇွန်လမှ ဇူလိုင်လအတွင်း အမေရိကန်နှင့် ထိုင်းနိုင်ငံ များမှ ကြက်ဥသန်း ၂၀ တင်သွင်းသွားမည်ဖြစ်သလို Pollack ငါး နှင့် Mackerel ငါးအပါအဝင် ရေလုပ်ငန်း ထွက်ကုန်တန်ချိန် ၈,၀၀၀ ကိုလည်းဈေးကွက်အတွင်းသို့ ထုတ်လွှတ်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် နွေရာသီကာလအတွင်းစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ၏ ထောက်ပံ့မှု တည်ငြိမ်စေရန် အထူးလုပ်ငန်းအဖွဲ့(Task Force)ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အပူလှိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဈေးနှုန်းမတည်ငြိမ်မှုများကို ကြိုတင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စက်သုံးဆီဈေးနှုန်းများနှင့်စပ်လျဉ်း၍ အရှေ့အလယ်ပိုင်းဒေသ၏ပထဝီနိုင်ငံရေးအခြေအနေများအပေါ်မူတည်၍ လိုက်လျောညီထွေရှိသောမူဝါဒများကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားထားပါသည်။ ၂၀၂၆ ခုနှစ်၊ မေလအတွင်း ရေနံထွက်ကုန်ဈေးနှုန်းများသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၄.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ယင်းသည် စားသုံးသူဈေးနှုန်းမြင့်တက်မှု၏ အဓိကတွန်းအားတစ်ရပ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

သတင်းရင်းမြစ်။    The Korea Time

https://www.koreatimes.co.kr/economy/20260604/govt-vows-to-utilize-tariff-rate-quotas-reserve-releases-to-tackle-inflation

(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News