တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor - chip)များအပေါ် ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်ဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂၀၂၆ ခုနှစ်၊ မေလအစောပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် အလွန်အားကောင်းစွာတိုးတက်ခဲ့ပါ သည်။ Korea Customs Service ၏အချက်အလက်များအရ မေလ ၁ ရက်မှ ၁၀ ရက်အတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်တူကာလနှင့်နှိုင်းယှဉ်ပါက ၄၃.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၎င်းမှာ ၂၀၂၆ ခုနှစ်၊ မေလအစောပိုင်းအတွက် ကုန်သွယ်မှုသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ပင်ဖြစ် ကြောင်း လေ့လာသိရှိရ ပါသည်။
အထူးသဖြင့် Semiconductor ပို့ကုန်သည် ၁၄၉.၈ ရာခိုင်နှုန်းအထိမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံကျော်သို့ ရောက်ရှိခဲ့ပြီး၊ AI server များနှင့် Data Center များအတွက် Memory Chip လိုအပ်ချက်များတိုးမြင့်လာခြင်းက ပို့ကုန်တိုးတက်စေရန်အတွက် အဓိကမောင်းနှင်အား ဖြစ်လာခဲ့ပါသည်။ Chip များသည် စုစုပေါင်းပို့ကုန်၏ ၄၆ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုလာခဲ့သည်။ ကွန်ပျူတာ ဆက်စပ်ပစ္စည်းတင်ပို့မှုသည်လည်း ၃၈၂ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
နိုင်ငံအလိုက်တင်ပို့နိုင်မှုအခြေအနေအရ ကိုရီးယားသမ္မတနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မှု ၈၁.၈ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသို့ ၈၉.၃ ရာခိုင်နှုန်းနှင့် အမေရိကန်ပြည်ထောင်စုသို့ ၁၇.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ အထူးသဖြင့် AI အခြေခံအဆောက်အဦများအတွက် လိုအပ်သည့် ဆက်စပ် ပစ္စည်းများဖြစ်သော High-Bandwidth Memory(HBM)နှင့် Advanced DRAM များအပေါ် လိုအပ်ချက်များတိုးလာခြင်းကြောင့် Samsung Electronics နှင့် SK Hynix ကဲ့သို့သော ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကောင်းမွန်လာခဲ့ကြောင်း တွေ့ရှိရပါသည်။
သို့ရာတွင် မော်တော်ယာဉ်(Automobile)ပို့ကုန်များမှာ ၂၆ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး၊ သင်္ဘောပို့ကုန်များလည်း အားနည်းခဲ့ကြောင်းလေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် Semiconductor ကဏ္ဍတစ်ခုတည်းအပေါ် အလွန်မှီခိုလာလွန်းနေသည်ဟု စီးပွားရေးလေ့လာသူများက သတိပေးနေကြသည်။
Source: https://www.koreajoongangdaily.com/
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)