ထိုင်းနိုင်ငံ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပြန်လည်ပြင်ဆင်ထားသော အမေရိကန်အခွန်ဆိုင်ရာအဆိုပြုလွှာများကို ထောက်ခံကြောင်းနှင့်အပြန်အလှန်အကျိုးရှိသော ရလဒ် ဖြစ်စေရေးမျှော်လင့်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း၏ ပြောကြားချက်အရ သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ နောက်ဆုံးအဆိုပြုလွှာသည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို မြှင့်တင်ရန်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမေရိကန်နှင့်ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကို ၅ နှစ်တာကာလအတွင်း ၇၀ ရာခိုင်နှုန်းအထိလျှော့ချရန်နှင့် ၇ နှစ်မှ ၈ နှစ်အကြား ညီမျှသည့်ပမာဏသို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်း၊ အစိုးရသည် ကုန်သွယ်ရေးအဆိုပြုလွှာအသစ်အနေဖြင့် အမေရိကန်အချို့ကုန်စည်များအပေါ် အခွန်သုညရာခိုင်နှုန်းကမ်းလှမ်းခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။
စွမ်းအင်နှင့်ဘိုအင်းဂျက်များတိုးမြှင့်ဝယ်ယူခြင်းနှင့် အမေရိကန်ထုတ်ကုန်များအတွက် ဈေးကွက်ရရှိမှုပိုမိုကြီးမားလာစေရေးအပါအဝင် ပြန်လည်ပြင်ဆင်ချက်ခဲ့သည့်အပေါ် ပုဂ္ဂလိကကဏ္ဍအနေဖြင့် လက်ခံပါကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဆိုးကျိုးမရှိစေမည့် သင့်တင့်သောအခွန်နှုန်းထားကို ဦးတည်ထားသည့် ထိုင်းနိုင်ငံ၏အဆိုပြုလွှာကို အမေရိကန် အနေဖြင့် လက်ခံမည်ဟု မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံအတွက် အပြန်အလှန်အကျိုးကျေးဇူးများကို ရှုမြင်လိုကြောင်း၊ ထိုင်းထုတ်ကုန်များအပေါ် ကနဦးအဆိုပြုထားသော အခွန် ၃၆ ရာခိုင်နှုန်းသည် ထိုင်း စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က သုံးသပ်ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ၏ရှင်းလင်းမှုကို မိမိတို့အနေဖြင့် စောင့်ဆိုင်းရန်လိုအပ်ကြောင်း၊ အမေရိကန်ထုတ်ကုန်များအား ဈေးကွက်ဝင်ရောက်ခွင့်နှင့် သွင်းကုန်အခွန်သုညအထိ လျှော့ချလိုက်ခြင်းနှင့်စပ်လျဉ်း၍ ယင်းအကျိုးခံစားခွင့်သည် ကုန်စည်အားလုံးအပေါ် သက်ရောက်မည်မဟုတ်ကြောင်း၊ ပြင်ဆင်ထားသည့် အဆိုပြုလွှာကို တင်ပြပြီးနောက် အမေရိကန်အခွန်ကို တုံ့ပြန်သည့်အနေဖြင့် စီးပွားရေးလုပ်ငန်းသက်သာစေမည့်အစီအမံများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေပါကြောင်း၊ ယင်းအစီအမံများသည် အခွန်တိုးမြှင့်နိုင်သည့် အလားအလာကြောင့် ထိခိုက်နိုင်မည့်လုပ်ငန်းများကို ထောက်ပံ့မည့် ကယ်ဆယ်ရေးရန်ပုံငွေမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ပြီး အတိုးမဲ့ချေးငွေများလည်း ပါဝင်ကြောင်း ဝန်ကြီး H.E Mr. Jatuporn Buruspat က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါရည်ရွယ်ချက်အတွက် စီးပွားရေးလှုံ့ဆော်မည့်အစီအစဉ် ရန်ပုံငွေဘတ် ၁၁၅ ဘီလီယံမှ ဘတ် ၁၀ ဘီလီယံကို အရန်အနေဖြင့် စီစဉ်ထားပါကြောင်း၊ သက် ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးအစီအစဉ်များကို တတ်နိုင်သမျှအပြီးသတ်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့သို့ ဘတ်ဂျက်ခွင့်ပြုချက်ရရှိရန် တင်ပြသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)