International News

စင်ကာပူနိုင်ငံသည် အရှေ့အာဖရိကနိုင်ငံ ၈ နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရန်  ညှိနှိုင်းမည်ဖြစ်

Last Updated:

စင်ကာပူနိုင်ငံသည် အာဖရိက၏ ပထမဆုံးသောမိတ်ဖက်အဖြစ် အရှေ့အာဖရိကနိုင်ငံ ၈ နိုင်ငံဖြစ်သော တန်ဇန်းနီးယားနိုင်ငံ၊ ဘူရန်ဒီနိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ ကင်ညာနိုင်ငံ၊ ရဝန်ဒါနိုင်ငံ၊ ဆိုမားလီးယားနိုင်ငံ၊ တောင်ဆူဒန်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံတို့နှင့် လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးရန်ညှိနှိုင်း မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသမ္မတ Tharman Shanmugaratnam က ယခုသဘောတူညီချက် သည် အရှေ့အာဖရိကအသိုက်အဝန်း(East African Community-EAC)နှင့် စင်ကာပူနိုင်ငံအကြား ကုန်သွယ်မှုကိုတိုးမြှင့်ရန်နှင့် နယ်ပယ်အသစ်များ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ကြောင်း၊ လက်ရှိပထဝီနိုင်ငံရေးတင်းမာမှုများကို ဖြေလျှော့နိုင်ရန် အရွေ့တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်စည်နှင့် ဝန်ဆောင် မှုများဈေးကွက်ရရှိရေးကို အထောက်အပံ့ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ထို့ပြင် စင်ကာပူနိုင်ငံသည် အရှေ့အာဖရိကရှိ ပို့ကုန်လုပ်ငန်းရှင်များအတွက် အာဆီယံဈေးကွက်သို့ဝင်ရောက်နိုင်မည့် တံခါးပေါက်ဖြစ်ပြီး ဒီဂျစ်တယ်စီးပွားရေးကဲ့သို့နယ်ပယ်အသစ်များ ဖွံ့ဖြိုးလာစေရန်လမ်းသစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တန်ဇန်းနီးယားနိုင်ငံ သမ္မတ Samia Suluhu Hassan က တန်ဇန်နီးယားနိုင်ငံ၌ စင်ကာပူသံရုံးလာရောက်ဖွင့်လှစ်ရန် ဖိတ်ခေါ်ပါကြောင်း၊ စင်ကာပူနိုင်ငံနှင့် အရှေ့အာဖရိကနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးကို ယခုထက်ပိုမို တိုးမြှင့်ဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့ပါ သည်။

သမ္မတ Tharman ၏ တရားဝင်ခရီးစဉ်သွားသည် စင်ကာပူသမ္မတတစ်ဦးအနေဖြင့် အရှေ့အာဖရိကနိုင်ငံသို့ ပထမဆုံးသွားရောက်သည့် ခရီးစဉ်ဖြစ်၍ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှု(၄၅)နှစ်ပြည့်မြောက်သည့် အချိန်ကာလနှင့်လည်းတိုက်ဆိုင်သည့်အတွက် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်မည့်အလားအလာဖြစ်ပါကြောင်း၊ ခရီးစဉ်အတွင်း သဘောတူညီချက်များလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကုန်သွယ်ရေး၊ကာဗွန်လျှော့ချရေး နှင့် ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်း စသည့်နယ်ပယ်များတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်စီးပွားရေး လုပ်ငန်းများအတွက် အခွန်နှစ်ထပ်မဖြစ်စေရေး သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများကို လျှော့ချပေးနိုင်မည်ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။

ကာဗွန်လျှော့ချရေးနှင့်စပ်လျဉ်းသည့် သဘောတူညီချက်အရ နှစ်နိုင်ငံအကြား သတင်းအချက်အလက်များမျှဝေနိုင်ခြင်း၊ ကာဗွန်လျော့ချရေးဆိုင်ရာ မူဘောင်နှင့်စီမံချက်များပြင်ဆင်ရေးဆွဲခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း တန်ဇန်းနီးယားနိုင်ငံ၌ မွေးကင်းစကလေး ၁၁,၀၀၀ ခန့် နှစ်စဉ်ခံစားနေရသည့် Sickle Cell Disease ကို ကုသနိုင်ရေးအတွက် Muhimbili University of Health and Allied Sciences နှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

အာဖရိကဒေသသည် ၂၀၂၉ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအဖွံ့ဖြိုးဆုံး‌ဒေသဖြစ်လာစေရန်ရည်မှန်းထားပြီး စင်ကာပူနိုင်ငံနှင့်ချုပ်ဆိုသော သဘောတူညီချက်များသည် အဆိုပါရည်မှန်းချက်ကို အတူတကွပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး အထောက်အကူဖြစ်လာစေနိုင်ကြောင်း သမ္မတ Tharman က ထပ်မံပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Business Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News