ရုရှားနိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွင်း Eurasian Economic Union (EAEU)အဖွဲ့ဝင်နိုင်ငံများမှအပ အခြားနိုင်ငံများသို့ ဆန်စိမ်း(Raw Rice) တင်ပို့ရန် တစ်နှစ်လျှင် တန်ချိန် ၂၀၀,၀၀၀(၂ သိန်းတန်) ခွဲတမ်း သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်သည့် အမိန့်ကို ရုရှားဝန်ကြီးချုပ် Mikhail Mishustin က လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ခွဲတမ်းအတွင်း တင်ပို့သည့် ဆန်များအတွက် တင်ပို့ခွန်(Export Duty) ၀% သတ်မှတ်ထားမည်ဖြစ်ပြီး၊ ခွဲတမ်းကျော်လွန်၍တင်ပို့ပါက ကုန် ပစ္စည်း၏အကောက်ခွန်တန်ဖိုး(Customs Value)၏ ၅၀% ကို အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်သည်။ ရုရှားအစိုးရအဖွဲ့က ဤဆုံးဖြတ်ချက်တွင် ရုရှားနိုင်ငံ၏ ဆန်စိုက်ပျိုးရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေမည်၊ ပြည်ပဈေးကွက်အသစ်များကို ရှာဖွေတိုးချဲ့နိုင်မည်၊ ဆန်တင်ပို့မှုကို တဖြည်းဖြည်းပြန်လည်မြှင့်တင်နိုင်မည်ဟု အလေးပေးပြောကြားထား သည်။
သို့သော် လက်ရှိအချိန်တွင် ရုရှားနိုင်ငံ၌ ဆန်စိမ်းတင်ပို့မှုကို ယာယီပိတ်ပင်ထားသည့်စနစ် ဆက်လက်ရှိနေသေးကြောင်းလည်း ဖော်ပြထား သည်။
အဓိကအချက်များ
- ၂၀၂၆ ခုနှစ် ဆန်စိမ်းတင်ပို့မှု ခွဲတမ်း = ၂၀၀,၀၀၀ တန်
- ခွဲတမ်းအတွင်း တင်ပို့ခွန် = ၀%
- ခွဲတမ်းကျော်လွန်ပါက အခွန် = ကုန်တန်ဖိုး၏ ၅၀%
- ရည်ရွယ်ချက် = ဆန်စိုက်ပျိုးရေးဖွံ့ဖြိုးရေးနှင့် ပြည်ပဈေးကွက်ချဲ့ထွင်ရေး
- လက်ရှိတွင် ဆန်စိမ်းတင်ပို့မှု ယာယီပိတ်ပင်ထားဆဲ
ဤသတင်းအရ ရုရှားအစိုးရသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်းထားစဉ် တစ်ဖက်တွင် ဆန်ပို့ကုန်ကဏ္ဍကို ပြန်လည်ဖွံ့ဖြိုးစေရန် ၂၀၂၆ ခုနှစ်မှစတင်၍ အကန့်အသတ်ဖြင့် တင်ပို့ခွင့်ပေးရန် စီစဉ်နေကြောင်း တွေ့ရသည်။
Source: https://www.akm.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)