ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံတော်စာရင်းအင်းရုံး၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ၁၀ လအတွင်း စုစုပေါင်းသွင်းကုန်နှင့်ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၇၆၂.၄၄ ဘီလီယံ အထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၇.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၉.၅၆ဘီလီယံရှိပြီး စီးပွားရေးတည်ငြိမ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ညွှန်ပြ လျက်ရှိကြောင်း ဖော်ပြထားပါသည်။
အထူးသဖြင့် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၉၁.၀ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍမှ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာ ၉၄.၁၇ ဘီလီယံတန်ဖိုးခန့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၂၄.၁ ရာခိုင်နှုန်းရှိကြောင်းသိရှိရပါသည်။ ရေနံစိမ်းအပါအဝင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှအမေရိကန်ဒေါ်လာ ၂၉၆.၈၃ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၇၅.၉ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ပို့ကုန်ဝင်ငွေ ၁ ဘီလီယံကျော်စီရှိသည့် ကုန်စည် ၃၆ မျိုးရှိပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ၏ ၉၄.၁ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ ကုန်စည် ၇ မျိုးသည် တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး စုစုပေါင်းပို့ကုန်၏ ၆၇.၉ရာခိုင်နှုန်းကိုယ်စားပြုကြောင်း ဖော်ပြထားသည်။
သွင်းကုန်ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၃၇၁.၄၄ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၈.၆ ရာခိုင် နှုန်းတိုးတက်လာခဲ့သည်။ ပြည်တွင်းကဏ္ဍအတွက် သွင်းကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၁၇.၀ ဘီလီယံရှိပြီး ယခင်နှစ်အလားတူကာလထက် တင်သွင်းမှုပမာဏ ၂.၈ ရာခိုင်နှုန်းပိုများကြောင်း ဖော်ပြထားသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် တင်သွင်းမှု သည် အမေရိကန်ဒေါ်လာ ၂၅၄.၄၄ ဘီလီယံရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၆ ရာခိုင်နှုန်းတိုးမြင့်လာသည်။
အဆိုပါကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်စီရှိသည့် ကုန်စည် ၄၇ မျိုးတင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် သွင်းကုန်ဝင်ငွေ၏ ၉၃.၉ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်စီရှိသည့် ကုန်စည် ၄ မျိုးတင်သွင်းခဲ့ပြီး သွင်းကုန်စုစုပေါင်း၏ ၅၂.၇ ရာခိုင် နှုန်းရှိကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ၁၀ လအတွင်း ပို့ကုန်၊ သွင်းကုန်ဈေးကွက်များနှင့်ပတ်သက် ၍ အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆.၂ ဘီလီယံရှိကြောင်း၊ တရုတ်နိုင်ငံသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀.၉ ဘီလီယံဖြင့် အကြီးဆုံးသွင်းကုန်ဈေးကွက်ဖြစ် ကြောင်း ဖော်ပြထားသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)