အမေရိကန်က အတည်ပြုခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးမမျှတနေမှုကို ဖြေရှင်းရန်လိုအပ်သည်ဟုဖော်ပြ၍ ထိုင်းနိုင်ငံမှကုန်စည်များအားလုံးအပေါ်သွင်းကုန်အခွန် ၃၆ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ် ဩဂုတ် လ ၁ ရက်နေ့မှစတင် အသက်ဝင်မည်ဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒုတိယဝန်ကြီးချုပ် Suriya Jungrungreangkit သို့လိပ်မူပြီး ဇူလိုင်လ ၇ ရက်နေ့တွင် တရားဝင်စာပေးပို့ခဲ့ပါ ကြောင်း၊ အခွန်များကိုရှောင်ရှားရန် တတိယနိုင်ငံများမှတစ်ဆင့် ကုန်စည်များကို ပို့ဆောင်ရန်ကြိုးစားပါက ထပ်ဆင့်ပြစ်ဒဏ်များရရှိလာနိုင်သည်ဟု အဆိုပါစာရွက် စာတမ်းက သတိပေးထားကြောင်း သိရှိရပါသည်။
အဆိုပါကြေညာချက်သည် ထိုင်းနှင့်အမေရိကန်တာဝန်ရှိသူများအကြား အစောပိုင်းဆွေးနွေးမှုများပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဧပြီလအတွင်းတွင် အမေရိကန်က ၎င်းနှင့်ကုန်သွယ်ရေးပိုငွေဖြစ်ပေါ်လျက်ရှိသော နိုင်ငံများမှ သွင်းကုန်များအပေါ် အခြေခံအခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမည်ဟု စတင်ပြောကြားခဲ့ရာ ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အခွန်ချက်ချင်းကောက်ခံမှုမှရှောင်ရှားရန် ရက် ၉၀ သက်တမ်းတိုးရရှိခဲ့သော်လည်း မူဝါဒအသစ်အောက်ရှိ အမြင့်ဆုံးနှုန်းထားများထဲမှ တစ်ခုဖြစ်သည့် နှုန်းထားကို ကြုံတွေ့ရပြီဖြစ်ပါသည်။
ထိုင်းနိုင်ငံသည် အမေရိကန်သို့ ပြန်လည်ပြင်ဆင်ထားသော ကုန်သွယ်ရေးအဆိုပြုလွှာတစ်ခုတင်ပြသွားမည်ဖြစ်ကြောင်း၊ ပြင်ဆင်ထားသော ကမ်းလှမ်းမှုတွင် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေကို ၅ နှစ်အတွင်း ၇၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်မထုတ်လုပ်သော ကုန်စည်အမျိုးအစားများကိုရွေးချယ်၍ ပြည်တွင်းထုတ်လုပ်သူများကို အနှောင့်အယှက်နည်းနိုင်စေရေး အမေရိကန်မှ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် အာကာသဆိုင်ရာထုတ်ကုန်များတင်သွင်းမှုကို တိုးမြှင့်သွားမည်ဖြစ် ကြောင်း ဒုတိယဝန်ကြီးချုပ် Pichai Chunhavajira က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအစိုးရသည် အခွန်မဟုတ်သော အတားအဆီးများလျှော့ချရန်နှင့် ကုန် သွယ်ရေးလုပ်ငန်းစဉ်များမြှင့်တင်ရန်လည်း အဆိုပြုခဲ့ကြောင်း၊ ယင်းတို့တွင် အကောက်ခွန်လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလမ်း ကြောင်းသစ်များဖွင့်လှစ်ခြင်းနှင့် အမေရိကန်ဈေးကွက်တွင် အခွင့်အလမ်းသစ်များစဉ်းစားရန် ထိုင်းလုပ်ငန်းများကို အားပေးခြင်းတို့ပါဝင်ကြောင်း၊ ညှိနှိုင်းမှုများတွင် အမေရိကန်အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်နှစ်နိုင်ငံစလုံး၏ ကုန်သွယ်ရေးကိုယ်စားလှယ်များပါဝင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးမူဝါဒများပေါ် မူတည်၍ အခွန် ၃၆ ရာခိုင်နှုန်းကိုချိန်ညှိနိုင်ကြောင်း ထရမ့်ကပြသထားပါကြောင်း၊အမေရိကန်ကုန်စည်များအပေါ် မည်သည့်လက်တုံ့ပြန်မှုမဆို ထိုင်းပို့ကုန်များအပေါ် ထပ်ဆင့်ပြစ်ဒဏ်များရရှိလာနိုင်မည်ဖြစ်ကြောင်း၊အခွန်နောက်ဆုံးသတ်မှတ်ချက်အသစ်အတွက် ချဉ်းကပ်မှုတွင် ထိုင်းကုန်သွယ်ရေးကိုယ်စားလှယ်များသည် နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ပြီး အဓိကပို့ကုန်ဈေးကွက်များကို ထိန်းသိမ်းခြင်းဖြင့် ဆွေးနွေးမှုကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: NNT-National News Bureau of Thailand (nbt world)
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)