International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာနမှ ပိုမိုကောင်းမွန်သော စီးပွားရေးလုပ်ငန်းစဉ်များအတွက် 'Dubai Unified Licence' လုပ်ငန်းကို စတင်ဆောင်ရွက်

Last Updated:

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန(DET)သည် ဒူဘိုင်းရှိစီးပွားရေးလုပ်ငန်းများအတွက် ရိုးရှင်းလွယ်ကူသော လုပ်ငန်းဆောင်ရွက်မှုများကိုရရှိစေရန်ရည်ရွယ်ပြီး ထူးခြားသောစီးပွားရေးဆိုင်ရာ အထောက်အထားတစ်ခုဖြစ်သည့် 'Dubai Unified Licence'(DUL)ကို အစပျိုးဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ဒူဘိုင်းဒေသအတွင်း သို့မဟုတ် အခမဲ့ဇုန်လိုင်စင်များဖြင့် လုပ်ငန်းလည်ပတ်နေသည့် ဒူဘိုင်းရှိ လက်ရှိနှင့်အသစ်တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းများအတွက် အဆိုပါလိုင်စင်ထုတ်ပေးနေသည့် DUL ၏ပဏာမခြေလှမ်းသည် စီးပွားရေးလုပ်ငန်းဆိုင်ရာများအား တစ်စုတစ်စည်းတည်း ဒစ်ဂျစ်တယ်လုပ်ငန်းမှတ်ပုံတင်နိုင်စေရန်အတွက် ဒူဘိုင်းစီးပွားရေးအခမဲ့ဇုန်များကောင်စီနှင့်ပူးပေါင်း၍ ဒူဘိုင်းစီးပွားရေးလုပ်ငန်းစုများနှင့် ၎င်း၏စီးပွားရေးအခမဲ့ဇုန်များအားလုံးကို အချက်အလက်များအား စီမံခန့်ခွဲခြင်း၊ လုပ်ငန်းပေါင်းစပ်ခြင်းနှင့်မျှဝေခြင်းတို့အတွက် တစ်ခုတည်းသောလမ်းကြောင်းအဖြစ် ယုံကြည်စိတ်ချရသော ဒစ်ဂျစ်တယ်သတင်းအချက်အလက်အရင်းမြစ်တစ်ခုအဖြစ် ဆောင်ရွက်ပေးပါသည်။

အဆိုပါပဏာမခြေလှမ်းသည် ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များနှင့်အညီ ဒူဘိုင်း၏စီးပွားရေးလုပ်ငန်းစဉ်များကို စံချိန်စံညွှန်းဖြစ်စေရန်နှင့် လုပ်ငန်းလွယ်ကူချောမွေ့စေရန်ရည်ရွယ်ပြီး လိုင်စင်အသေးစိတ်အချက်အလက်များနှင့် အချက်အလက်များအပါအဝင် ကုမ္ပဏီမှတ်တမ်းများကို မှတ်ပုံတင်ခြင်းအထိ တသမတ်တည်းလုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။

ဒူဘိုင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းစတင်ခြင်းနှင့်လည်ပတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေခြင်းဖြင့် 'Dubai Unified Licence' သည် လုပ်ငန်းထိရောက်မှုကို မြှင့်တင်စေနိုင်ပြီး ကုမ္ပဏီများ၏လုပ်ငန်းများကို စတင်ထူထောင်ရန်နှင့်စီမံခန့်ခွဲရန်အတွက် လိုအပ်သည့်အချိန်ကာလများကို လျော့ကျစေပါသည်။ ဤကဲ့သို့သောရိုးရှင်းသော လုပ်ငန်းစဉ်များသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေသော ဦးတည်ရာနေရာတစ်ခုအဖြစ် ဒူဘိုင်း၏ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေခဲ့ပါသည်။ ဤထိထိရောက်ရောက်ဖြစ်စေသည့် လုပ်ငန်းစဉ်များသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် အနှောက်အယှက်ကင်းသော စီးပွားရေးပတ်ဝန်းကျင်ကို ရှာဖွေနေကြသည့် စွန့်ဦး တီထွင်လုပ်ငန်းလုပ်ဆောင်ကြသူများအတွက်လည်း အထူးဆွဲဆောင်မှုရှိပြီး ဒူဘိုင်း၏အသွင်သဏ္ဍန်ကို ပိုမိုခိုင်မာစေကြောင်း ဖော်ပြထားပါ သည်။

ထို့အပြင် အဆိုပါလုပ်ငန်းစဉ်များအား ပေါင်းစည်းထားသည့်ဒစ်ဂျစ်တယ်လမ်းကြောင်းသည် လုပ်ငန်းဆိုင်ရာအချက်အလက်များကို ပိုမိုပွင့်လင်းမြင်သာမှုနှင့် လွယ်ကူစွာဝင်ရောက်နိုင်စေနိုင်ပြီး၊ ဒူဘိုင်း၏ပုံရိပ်အသွင်သဏ္ဍန်ကို ပိုမိုအားကောင်းစေကာ တက်ကြွပြီးယုံကြည်စိတ်ချရသည့် ရင်းနှီးမြှုပ်နှံရာနေရာတစ်ခုအဖြစ် မြှင့်တင်ပေးပါသည်။ အဆိုပါအင်္ဂါရပ်များသည် ကမ္ဘာ့စီးပွားရေးဇာတ်ခုံတွင် ဒူဘိုင်း၏ရပ်တည်ချက်ကို ပိုမိုထင်ရှားအားကောင်းစေပြီး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းမြို့သုံးမြို့အဖြစ် အသိအမှတ်ပြုခံရစေရန်ရည်ရွယ်ထားသည့် ၎င်း၏ဦးတည်ချက်ဆန္ဒနှင့် လိုက်လျောညီထွေဖြစ်စေပါသည်။

ပဏာမခြေလှမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ငန်းဆောင်ရွက်လိုသူများသည် ၎င်းတို့၏ ထူးခြားသောဒစ်ဂျစ်တယ်အထောက်အထားများကိုရရှိရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များထံမှ စေ့စပ်စစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် စိစစ်ခြင်းများပြုလုပ်ရမည်ဖြစ်ပါသည်။ DET သည် လက်ရှိအချိန်အထိ ဒူဘိုင်းဒေသနှင့် စီးပွားရေးအခမဲ့ဇုန်များတွင် ကုမ္ပဏီပေါင်း ၅၀,၀၀၀ ကျော်ကို မှတ်ပုံတင်ထားပေးပြီး လာမည့်ကာလတွင်လည်း လိုင်စင်ထပ်မံထုတ်ပေးရန် အစီအစဉ်များချမှတ်ထားရှိပါသည်။

DET သည် DUL ၏ပဏာမခြေလှမ်းကို ချောမွေ့သေချာစွာအကောင်အထည်ဖော်နိုင်စေရန်အတွက် ဒူဘိုင်းစီးပွားရေးအခမဲ့ဇုန်များကောင်စီနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဤသို့သောပူးပေါင်းဆောင်ရွက်မှုသည် ဒူဘိုင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှု တိကျသေချာစေမည့် ဤအစီအစဉ်၏ မတူကွဲပြားသောကဏ္ဍများကို ပေါင်းစပ်မှုများပြုလုပ်ရာတွင် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး DUL သည် အစိုးရအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးသူများနှင့် အများပြည်သူတို့၏ကုမ္ပဏီများမှ အချက် အလက်များကို လွယ်ကူစွာဝင်ရောက်ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားပြီး စီးပွားရေးလုပ်ငန်းများကို ဒူဘိုင်းဒေသ သို့မဟုတ် စီးပွားရေးအခမဲ့ဇုန်အာဏာပိုင်များအတွက် သီးခြားလိုင်စင်နံပါတ်တစ်ခုဖြင့် ခွဲဝေချထားပေးကာ၊ လုပ်ငန်းထိရောက်စေမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ပေးထားပါသည်။ ဒစ်ဂျစ်တယ်သိုလှောင်မှုနှင့် သဘောတူညီချက်စွမ်းရည်ဖြင့် DUL သည် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ဝန်ဆောင်မှုပေးသူများကြားတွင် တစ်ခဏအတွင်းအချက်အလက်မျှဝေမှုများကို လုပ်ဆောင်ပေးသည့်အပြင် DUL သည် အမျိုးသား AML/ CFT မဟာဗျူဟာတွင် ဖော်ပြထားသော လိုက်နာမှုမူဘောင်ကို အားဖြည့်ပေးကာ ယူအေအီးနိုင်ငံ၏ စီးပွားရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်၏ ခိုင်မာမှုကို အာမခံစေမည်ဖြစ်ပါသည်။

'Dubai Unified Licence' သည် သုံးစွဲသူများအတွက် အဓိကအင်္ဂါရပ်များနှင့် အကျိုးကျေးဇူးများစွာကို ကမ်းလှမ်းထားပါသည်။ ဒစ်ဂျစ်တယ်သိုလှောင်မှုများတွင် ထည့်သွင်းထားသော အတည်ပြုထားသည့် DUL အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး အပြန်အလှန်တုံ့ပြန်မှုလုပ်ငန်းစဉ်များတွင် လုပ်ငန်းစိစစ်နိုင်ပြီးလုပ်ငန်းစဉ်များကို ချောမွေ့စေပါသည်။ ကန့်ကွက်ရန်မရှိကြောင်းလက်မှတ်(NOC)များထုတ်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုမိန့်များကိုတစ်စုတစ်စည်းတည်းနှင့် လွယ်ကူချောမွေ့သောလုပ်ငန်းစဉ်ဖြင့် ရိုးရှင်းလွယ်ကူစွာရရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် DUL သည် လက်ရှိစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းရာဇဝင်များအကြောင်းကိုလည်း တစ်စုတစ်စည်းတည်းအတည်ပြုထားပြီးသည့်အချက်အလက်များတွင် ကြည့်ရှု့စေနိုင်မည်ဖြစ်ပြီး ယူအေအီးနိုင်ငံတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများအကြောင်း အသေးစိတ်အချက်အလက်များကို ရှာဖွေနေသည့် အလားအလာရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အားသာချက်များစွာ ရရှိစေမည်ဖြစ်ပါသည်။ DUL သည် ဒူဘိုင်းအခြေစိုက်ကုမ္ပဏီများအတွက် သက်ဆိုင်ရာဘဏ်စာရင်းများဖွင့်လှစ်ရာတွင်လည်း အဆင်ပြေလွယ်ကူချောမွေ့စေရန်ရည်ရွယ်ကာ ပိုမိုကောင်းမွန်ပြီးအသုံးပြုရလွယ်ကူစေမှုနှင့် ထိထိရောက်ရောက်ရှိစေရန်အတွက်ကိုလည်း ရည်ရွယ်ဆောင်ရွက်ထားပါသည်။

စီးပွားရေးလုပ်ငန်းများသည် သမားရိုးကျကုန်သွယ်မှုလိုင်စင်လက်မှတ်များအား တင်ပြမည့်အစား ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ Website များနှင့် ဆိုရှယ်မီဒီယာအကောင့်များတွင် ၎င်းတို့၏ထူးခြားသော DUL QR ကုဒ်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ QR Code အား အစိုးရအဖွဲ့အစည်းများ၊ ဝန်ဆောင်မှုပေးသူများ၊ ကုန်စည်တင်သွင်းသူများနှင့် လုပ်ငန်းဖောက်သည်များမှ ကုမ္ပဏီနှင့်ပတ်သက်သည့်အချက်အလက်များကို Scan ဖတ်ရယူနိုင်စေမည်ဖြစ်ပြီး လက်ရှိအနေအထားတွင် အခမဲ့ဇုန်များအပါအဝင် ဒူဘိုင်းရှိ လက်ရှိစီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းအသစ်များသည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းအချက်အလက်များကို လျှောက်ထားတင်ပြခြင်းလုပ်ငန်းစဉ်များပြီးဆုံးပါက ထူးခြားသော 'Dubai Unified Licence' နံပါတ်နှင့်ဆက်စပ် QR ကုဒ်များကို လက်ခံရရှိမည်ဖြစ်ပါသည်။

DET ၏ဒူဘိုင်းစီးပွားရေးလိုင်စင်ကော်ပိုရေးရှင်းဌာနမှ DUL စနစ်၏ လုပ်ငန်းလည်ပတ်မှု၊ စီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ကြီးကြပ်မှုများကို စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဒူဘိုင်းစီးပွားရေးအခမဲ့ဇုန်များကောင်စီသည် မွမ်းမံထားသောလိုင်စင်အချက်အလက်များနှင့် ဆက်သွယ်ရန်အချက် အလက်များကို စုဆောင်းရန်အတွက် သက်ဆိုင်ရာလိုင်စင်ကိုင်ဆောင်သူများနှင့် ပုံမှန်ဆက်သွယ်နိုင်ရန် အခမဲ့ဇုန်တစ်ခုချင်းစီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Source:  Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News