International News

Marina South ပတ်ဝန်းကျင်တွင် အပျော်စီးနှင့် ကူးတို့သင်္ဘောဆိပ်ကမ်းအသစ်နှင့် ပြပွဲဗဟိုဌာနတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိ

Last Updated:

စင်ကာပူနိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်အဖြစ် အဆင့်မြှင့်တင်ရန် ရည်ရွယ်သည့် စီမံကိန်းအသစ်နှစ်ခုကို မာရီနာတောင်ပိုင်း(Marina South)အနီးတွင် ၂၀၃၀ ပြည့်နှစ်အလွန်တွင် အကောင်အထည်ဖော်ရန်စီစဉ်လျက်ရှိပါသည်။ ၎င်းတို့မှာ အပျော်စီးသင်္ဘောနှင့် ကူးတို့သင်္ဘော ဆိပ်ကမ်းနှင့် ပြပွဲဗဟိုဌာနတို့ ဖြစ်ကြပါသည်။

အဆိုပါသင်္ဘောဆိပ်ကမ်းအား မဟာတောင်ပိုင်းကမ်းခြေဒေသဖွံ့ဖြိုးတိုးတက်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ရှိမာရီနာဘေးအပျော်စီးသင်္ဘောဆိပ်ကမ်း(Marina Bay Cruise Centre Singapore) အနီးတွင်တည်ဆောက်နိုင်ခြေရှိ/မရှိကို အစိုးရမှ လေ့လာလျက်ရှိကြောင်း ကုန်သွယ်ရေးဆက်ဆံမှုဆိုင်ရာ တာဝန်ခံဝန်ကြီး Ms. Grace Fu က ၂၀၂၆ ခုနှစ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းညီလာခံတွင် ထည့်သွင်းပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး(Minister for Sustainability and the Environment)ဖြစ်သူ Ms. Fu က အဆိုပါစက်လှေဆိပ်ကမ်းအသစ်သည် အပျော်စီးသင်္ဘော ဆိုက်ကပ်ရန်နေရာ ၃ ခုနှင့်ကူးတို့သင်္ဘောဆိုက်ကပ်ရန်နေရာ ၁၀ ခုအထိထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Marina Bay မြေအောက်ရထားဘူတာအနီးရှိ နေရာတစ်ခုအား အစည်း အဝေးများ(Meetings)၊ ဆုပေးပွဲများ(Incentives)၊ ဆွေးနွေးပွဲများ (Conferences)နှင့်ပြပွဲများ(Exhibitions)ကျင်းပရာ MICE ဗဟိုဌာနအဖြစ်တည်ဆောက်ရန် လျာထားကြောင်းလည်း ပြောကြားခဲ့ပါသည်။ ၎င်းသည် မြို့တွင်းရှိ Raffles City၊ Suntec City နှင့် Marina Bay Sands တို့ကဲ့သို့သောအခြားသော MICE များကျင်းပရာနေရာများကို ပိုမိုအားဖြည့်ပေးမည်ဖြစ်ပါသည်။

အဆိုပါဆိပ်ကမ်းအသစ်နှင့် ပြပွဲဗဟိုဌာနတို့သည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် ၁၁၀ ဟက်တာခန့်ကျယ်ဝန်းသော Straits View ဒေသတွင်တည်ရှိမည်ဖြစ်ပါသည်။ ထိုဒေသတွင် မာရီနာတောင်ပိုင်းဆိပ်ခံ တံတား(Marina South Pier)၊ လက်ရှိအပျော်စီးသင်္ဘောဆိပ်ကမ်း၊ Marina South Pier မြေအောက်ရထားဘူတာနှင့် ဝန်ဆောင်မှုမပေးနိုင်သေးသည့် အခြားမြေအောက်ရထားဘူတာတစ်ခုတို့ပါဝင်ပါသည်။ ထို့ပြင် ယင်းဗဟိုဌာနအား MICE ဆိုင်ရာအဆောက်အအုံများ၊ တည်းခိုနေထိုင်ရေး၊ စားသောက်ကုန်နှင့် လက်လီအရောင်းဆိုင်များ၊ ဖျော်ဖြေရေးနှင့် အပန်းဖြေဆွဲဆောင်မှုများပါဝင်သည့်ပေါင်းစပ်ဖွံ့ဖြိုးရေးစီမံကိန်း တစ်ခုအဖြစ် ရည်မှန်းထားကြောင်းကိုလည်း  Ms. Fu က ထည့်သွင်းပြောကြားခဲ့ပါသည်။

ဆိပ်ကမ်းအသစ်၏ စုစုပေါင်းဝန်ဆောင်မှုပေးနိုင်စွမ်းသည် လက်ရှိ မာရီနာဘေး(Marina Bay)ဆိပ်ကမ်း၏ခရီးသည် ၁၁,၇၀၀ ဦးဆန့်သည့် ပမာဏထက် ၁ ဆခွဲပိုမိုမည်ဖြစ်ပြီး၊ လက်ရှိ HarbourFront ခရီးသည်တင်ဆိပ်ကမ်း၏ ဝန်ဆောင်မှုပေးနိုင်စွမ်းထက် ၂ ဆ ပိုမိုမည်ဖြစ်ပါ သည်။

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(Singapore Tourism Board- STB)၏အမှုဆောင်အရာရှိချုပ် Ms. Melissa Ow ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်တွင် စင်ကာပူသို့ အပျော်စီးသင်္ဘောဆိုက်ကပ်မှုပေါင်း ၃၇၅ ကြိမ်ရှိခဲ့ပြီး ခရီးသည်အရေအတွက်မှာ နှစ်သန်းကျော်အထိရှိခဲ့ပါသည်။ လာမည့်နှစ်များအတွင်း စင်ကာပူနိုင်ငံရှိ လက်ရှိအပျော်စီးသင်္ဘောဆိပ်ကမ်းနှစ်ခုကို တစ်နေရာတည်းတွင် ပေါင်းစည်းသွားမည်ဖြစ်ပြီး မဟာ တောင်ပိုင်းကမ်းခြေဒေသ(Greater Southern Waterfront)ဖွံ့ဖြိုးလာသည့် အစိတ်အပိုင်းတစ်ခုအဖြစ် တစ်ဆက်တည်းသော ကမ်းနားလမ်း (Promenade)တစ်ခုတည်ဆောက်နိုင်ရန်အတွက် HarbourFront ရှိ အပျော်စီးသင်္ဘောဆိပ်ကမ်းကို ရွှေ့ပြောင်းရန် သတ်မှတ်ထားပါသည်။

Straits View တွင် ဆိပ်ကမ်းအသစ်တည်ဆောက်ရန် စီစဉ်ခြင်းသည် လေ့လာတွေ့ရှိမှုရလဒ်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး အဆိုပါလေ့လာမှုအရ ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ အပျော်စီးသင်္ဘောလုပ်ငန်း၏ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ(စင်ကာပူဒေါ်လာ ၄.၆ ဘီလီယံ)ရှိခဲ့ပြီး အရှေ့ တောင်အာရှတွင် အများဆုံးဖြစ်ကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ MICE ခရီးသွားဧည့်သည်ပေါင်း ၁.၁ သန်းခန့်လာရောက်ခဲ့ပြီး ၎င်းတို့ထံမှ ခရီးသွားလုပ်ငန်းဆိုင်ရာဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရရှိခဲ့ပါသည်။ ၎င်းပမာဏသည် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က MICE ခရီးသွား ၇၃၀,၀၀၀ ဦးထံမှ ဝင်ငွေဒေါ်လာ ၁.၄ ဘီလီယံရရှိခဲ့သည့်အခြေအနေထက် ကျော်လွန်သွားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

စင်ကာပူနိုင်ငံ၏ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသည် ၎င်းကဏ္ဍအတွက် သီးသန့်အကျိုးကျေးဇူးကိုသာမက ဆက်စပ်ကဏ္ဍများဖြစ်သည့်ခရီးသွား လုပ်ငန်းကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအတွက်ပါ အခွင့်အလမ်းများကိုရရှိလာစေသည့်ပုံစံဖြင့် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် ကုန်စည်စီးဆင်းမှုတွင် အထောက်အကူပြုခြင်း၊ ခရီးသွားများပိုမိုဝင်ရောက်လာနိုင်ခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းတို့ကြောင့် ဆိပ်ကမ်း များကို ခရီးသွားများလာရောက်လည်ပတ်နိုင်သည့်နေရာအဖြစ် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သင့်ပါကြောင်းနှင့် လိုအပ်သည့်နည်းပညာအကူအညီအပါဝင် လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရေး စီမံဆောင်ရွက်သင့်ပါသည်။

ရင်းမြစ်။        The Straits Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News