International News

နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားကုန်သွယ်မှုအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည့် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် စွမ်းအင်စီမံကိန်းကို ခိုင်မာအားကောင်းစေရန်နှင့် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားကုန်သွယ်မှုတို့အတွက် နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို စင်ကာပူနိုင်ငံ Second Minister for Trade and Industry ဖြစ်သူ Tan See Leng နှင့်အင်ဒိုနီးရှားနိုင်ငံ Minister for Energy and Mineral Resources ဖြစ်သူ Arifin Tasrif တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာအရ ၂၀၃၅ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် လျှပ်စစ်ဓာတ်အား(Low-carbon Electricity) ၄ ဂစ် ဂါဝပ်(4 gigawatts) အထိ တင်သွင်းမည့် စင်ကာပူနိုင်ငံ၏ရည်မှန်းချက်ကို ရောက်ရှိစေမည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

ကာဗွန်နည်းလျှပ်စစ်ဓာတ်အား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ နယ်စပ်ဖြတ်ကျော်လျှပ်စစ် ဓာတ်အားကုန်သွယ်မှုအတွက် အပြန်အလှန်ချိတ်ဆက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ၏သက်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအရ အဆိုပါစီမံကိန်းများကို အဆင်ပြေချောမွေ့စေရန် နှစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Second Minister for Trade and Industry ဖြစ်သူ Tan See Leng က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် ၂ ဂစ် ဂါဝပ်လျှပ်စစ်ဓာတ်အားတင်သွင်းမှုအတွက် Conditional Approvals (CAs)တို့သည် နှစ်နိုင်ငံအကြားခိုင်မာသည့် ဆက်ဆံရေးကို ပုံဖော်သည့်အထောက်အထားဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်ရာ၌ ပိုမိုခိုင်မာအားကောင်းစေရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံ၏ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးကို အထောက်အကူပြုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ Minister for Energy and Mineral Resources ဖြစ်သူ Arifin Tasrif က နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုအားကောင်းစေခြင်းမှတစ်ဆင့် စွမ်းအင်စီးဆင်းမှုဂေဟစနစ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားမျှတပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံ Energy Market Authority အနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ စုစုပေါင်း ၂ ဂစ်ဂါဝပ်ကာဗွန်နည်းလျှပ်စစ်ဓာတ်အားတင်သွင်းရန်အတွက် စီမံကိန်း ၅ ခုကို Conditional Approvals (CAs) ပေးသွားမည်ဖြစ်ပါသည်။ ၎င်း CAs သည် အင်ဒိုနီးရှားနိုင်ငံတွင် ဘက်ထရီစွမ်းအင်သိုလှောင်စနစ်များ၊ Solar Photovoltaics တို့အတွက် စက်ရုံများတည်ဆောက်ခြင်းအပါအဝင် စီမံကိန်းများအတွက် လိုအပ်သည့်ခွင့်ပြုချက်များ၊ လိုင်စင်များရရှိရန် ကုမ္ပဏီများက ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ယခုချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာအပြင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU on Energy Cooperation)ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU on Renewable Energy Cooperation) ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။

မှတ်ချက်။      စင်ကာပူနိုင်ငံ၊ Energy Market Authority က ယခု နားလည်မှုစာချွန်လွှာအရ Conditional Approvals (CAs) ထုတ်ပေးမည့် ကုမ္ပဏီများမှာ-

(၁)     Pacific Medco Solar Pte Ltd (0.6 GW)

(၂)      Adaro Solar International Pte Ltd (0.4 GW)

(၃)     EDP Renewables APAC (0.4 GW)

(၄)     Vanda RE Pte Ltd (0.3 GW)

(၅)     Keppel Energy Pte Ltd (0.3 GW)

ရင်းမြစ်။        Ministry of Trade and Industry, Singapore

                   Energy Market Authority, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News