၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အသက်ဝင်မည့် ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမည့် တိရစ္ဆာန်အစာပြောင်းနှင့် ဂျုံသွင်းကုန်များအတွက် မီးလောင်ထားမှုကင်းစင်ကြောင်း အထောက်အထားဆိုင်ရာ လုပ်ထုံးလုပ်နည်း(၄)ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း The Nation သတင်းဝက်ဘ်ဆိုဒ်တွင် “New rules tighten feed corn, wheat imports; burn-free proof required” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။
အဆိုပါအစီအမံများသည် တိရစ္ဆာန်အစာပါဝင်ပစ္စည်းသွင်းကုန်များအပေါ် စနစ်တကျရှိစွာကြီးကြပ်ရန်၊ ပြည်သူ့ကျန်းမာရေးကိုကာကွယ်ရန်နှင့် အစိုးရမူဝါဒနှင့်အညီ ထိုင်းထုတ်ကုန်စံနှုန်းများကို မြှင့်တင်ရန် ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်း(၄)ခုသည် တိရစ္ဆာန်အစာပြောင်းမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီ၏ ဆုံးဖြတ်ချက်နှင့်ကိုက်ညီပြီး အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Airin Phanrit က ပြောကြားခဲ့ပါသည်။
တိရစ္ဆာန်အစာ ပြောင်းသည် “no-burn” ထုတ်လုပ်မှုပုံစံဖြစ်ရမည်
လုပ်ထုံးလုပ်နည်း(၁) : တိရစ္ဆာန်အစာအတွက် အသုံးပြုရန် တင်သွင်းလာသည့် ပြောင်းသည် စိုက်ပျိုးစဉ်အတွင်း မီးရှို့ထားခြင်းမရှိသည့် မြေ သို့မဟုတ် စိုက်ပျိုးရေးအလေ့အကျင့်များဖြစ်ရမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ နယ်စပ်ဖြတ်ကျော်မီးခိုးမြူနှင့် PM2.5 လေထုညစ်ညမ်းခြင်းကို လျှော့ချရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် စိုက်ပျိုးရေးကို အထောက်အကူပြုရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းနှင့်အညီ စိုက်ပျိုးရေးထောက်ပံ့မှုကွင်းဆက်များကို အဆင့်မြှင့်တင်ရန်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များသည် ထုတ်လုပ်သည့်ရင်းမြစ်ဆိုင်ရာ သတင်းအချက်အလက်များကို ပြင်ဆင်ထားပြီး no-burn လိုအပ်ချက်နှင့်ကိုက်ညီသည့် အထောက်အထားများပံ့ပိုးပေးရန်နှင့် နောက်ကြောင်းပြန်လိုက်နိုင်ရန် ယင်းအချက်အလက်များကို (၅)နှစ်ကြာထိန်းသိမ်းထားရမည်ဖြစ်ကြောင်း။
AFTA/ATIGA သွင်းကုန်များ- အခွန်ကင်းလွတ်သော်လည်း အထွေထွေတင်သွင်းသူများအတွက် သွင်းကုန် ကာလကန့်သတ်
လုပ်ထုံးလုပ်နည်း(၂) : ၂၀၂၆ ခုနှစ်အတွက် AFTA/ATIGA အောက်မှ ပြောင်းတင်သွင်းခြင်းကို အကန့်အသတ်မရှိတင်သွင်းခွင့်ပြုပြီး အာဆီယံနိုင်ငံများမှ တိုက်ရိုက်တင်သွင်းပါက အကောက်ခွန်သုညရာခိုင်နှုန်းဖြစ်ပါကြောင်း၊ သို့သော်လည်း အထွေထွေတင်သွင်းသူများအတွက်မူ ပင်မပြည်တွင်းရိတ်သိမ်းရာသီတွင် ထိုင်းတောင်သူများ ထိခိုက်မှုမဖြစ်စေရန် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၅ လသို့ လျှော့ချခဲ့ရာ တင်သွင်းကာလတိုတောင်းသွားပါကြောင်း။
WTO ၏ စိုက်ပျိုးရေးဆိုင်ရာ ကတိကဝတ်များ- သွင်းကုန်ခွဲတမ်းကို တန်ချိန် ၁ သန်းအထိ တိုးမြှင့်ခဲ့ခြင်း
လုပ်ထုံးလုပ်နည်း(၃) : ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ WTO စိုက်ပျိုးရေးကတိကဝတ်များအောက်တွင် ဦးစားပေးအကောက်ခွန်ပေးချေမှုဆိုင်ရာ လက်မှတ်များထုတ်ပေးခြင်းဆိုင်ရာ ကြေညာချက်တွင် Public Warehouse Organization(PWO)မှ ယခင်အစီအစဉ်တစ်နှစ်လျှင် တန်ချိန် ၅၄,၇၀၀ တင်သွင်းခွင့်ပြု ခဲ့ရာမှ PWO နှင့် အထွေထွေတင်သွင်းသူ များအနေဖြင့် ၁ နှစ်လျှင် စုစုပေါင်းတန်ချိန် ၁ သန်းထိတင်သွင်း ခွင့်ပြုပါကြောင်း၊
ဂျုံခွင့်ပြုမိန့်သည် ယခင်နှစ်က ချဉ်းကပ်မှုအတိုင်းဖြစ်ခြင်း
လုပ်ထုံးလုပ်နည်း(၄) : တိရစ္ဆာန်အစာစက်ရုံများတွင် ကုန်ကြမ်းလုံလုံ လောက်လောက်ရှိစေရန်နှင့် အဆက်မပြတ်စေရန် ၂၀၂၆ ခုနှစ်အတွင်း ဂျုံတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်အတိုင်းဖြစ်ပါကြောင်း၊ တိရစ္ဆာန်အစာပြောင်းတွင် “no-burn” လိုအပ်ချက်အသစ်များကဲ့သို့သော မူဝါဒအသစ်များ မချမှတ်ပါကြောင်း၊
လုပ်ထုံးလုပ်နည်းများသည် အသစ်ဖြစ်ပြီး ထပ်ဆောင်းစာရွက်စာတမ်းများနှင့် စိစစ်ခြင်းဆိုင်ရာ လိုအပ်ချက်များကြောင့် တင်သွင်းသူများသည် no-burn တိရစ္ဆာန်အစာပြောင်းဆိုင်ရာ စည်းမျဉ်းများကို ဦးစားပေးလိုက်နာသင့်ကြောင်း၊အထူးသဖြင့် ပိုမိုတင်းကျပ်သောအရင်းအမြစ်စနစ် များနှင့် ပိုမိုတင်းကျပ်သော ဇာစ်မြစ်စစ်ဆေးမှုများ ပါဝင်သောကြောင့်ဖြစ်ကြောင်း၊ အခြားအစီအမံများသည် စီးပွားရေးလုပ်ငန်းများနှင့် အကျွမ်းတဝင်ရှိထားပြီးဖြစ်ရာ မူဘောင်များကို လိုက်နာဆောင်ရွက်ကြောင်း Ms. Airin က မှတ်ချက်ပြုထားပါသည်။
Source: https://www.nationthailand.com/news/policy/40061109
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)