ယခုတစ်ပတ်အတွင်း ဝယ်လိုအားနည်းပါးခြင်းနှင့် အိန္ဒိယရူပီးငွေတန်ဖိုး စံချိန်တင်ကျဆင်းသွားခြင်းတို့ကြောင့် အိန္ဒိယဆန်တင်ပို့မှုဈေးနှုန်းများကျဆင်းခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုအန္တရာယ်များကြောင့် နွေစပါးရိတ်သိမ်းမှုကိုခြိမ်းခြောက် လျက်ရှိသည်။
အိန္ဒိယ၏ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ပေါင်းဆန်ဈေးသည် ပြီးခဲ့သည့်အပတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၄ - ၃၅၀ ရှိရာမှ ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၃၃၇-၃၄၄ အထိ အနီးစပ်ဆုံးဈေးနှုန်းသတ်မှတ်ထားရှိခဲ့သော်လည်း အမှန်တကယ်ရရှိခဲ့သည့် ပေါင်းဆန်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၆ - ၃၄၀ အတွင်း ဈေးရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
"သင်္ဘောတင်ခများမြင့်မားနေခြင်းကြောင့် အာဖရိကနိုင်ငံများဆီက ဝယ်လိုအားသည် အားနည်းနေဆဲဖြစ်ပါကြောင်း၊ အိန္ဒိယကုန်သည်များ သည် ဝယ်ယူသူများကို ဆွဲဆောင်ရန်အတွက် ရူပီးငွေတန်ဖိုးကျဆင်းမှုကိုထည့်သွင်းတွက်ချက်ပြီး ဈေးနှုန်းများလျှော့ချနေကြကြောင်း"ကောလ်ကတ္တားအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။
အိန္ဒိယရူပီးငွေသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၉၅.၃၃ ရူပီးအထိစံချိန်တင်ကျဆင်းသွားခဲ့ရာ၊ ယင်းသည် ပြည်ပသို့ ဆန်တင်ပို့ရောင်းချသူများအတွက် အကျိုးအမြတ်ပိုမိုရရှိစေပါသည်။
တစ်ချိန်တည်းမှာပင် မုတ်သုံမတိုင်မီ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အိန္ဒိယနိုင်ငံဘက်မှစီးဆင်းလာသောရေစီးကြောင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ မြစ်ရေများမြင့်တက်လာပြီး နွေစပါးရိတ်သိမ်းချိန်တွင် ရေကြီးမှုအန္တရာယ်ပိုမိုမြင့်မားလာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါရေဘေးအန္တရာယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများမြင့်တက်နေချိန်နှင့်တိုက်ဆိုင်နေပြီး သန်းနှင့်ချီသောပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်ဈေးသည် ပြီးခဲ့သည့်အပတ်က အမေရိကန်ဒေါ်လာ ၃၉၀ - ၃၉၅ ရှိရာမှ ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၃၉၀-၄၀၀ ဒေါ်လာအထိ အနည်းငယ်မြင့်တက်လာသည်။
ထိုင်းဆန်အတွက် ဝယ်လိုအားမှာ ငြိမ်သက်နေပြီး မလေးရှားကဲ့သို့သောအာရှဈေးကွက်များဆီမှ အော်ဒါများရရှိနေသည်ဟု ကုန်သည်များက ပြောကြားထားပါသည်။ လာမည့်အပတ်များအတွင်း အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက ဝယ်လိုအားထပ်မံထွက်ပေါ်လာနိုင်သည်ဟု ဘန်ကောက်အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်မားလာခြင်းကြောင့် ဆန်ဈေးနှုန်းများမှာ လက်ရှိအဆင့်တွင်သာ ဆက်ရှိနေနိုင် သည် (သို့မဟုတ်) ပိုမိုမြင့်တက်လာနိုင်သည်ဟု ၎င်းက ပြောကြားထားပါသည်။
ကုန်ကျစရိတ်များမြင့်မားလာခြင်းကြောင့် လယ်သမားများမှာ စပါးစိုက်ပျိုးမှုလျော့နည်းလာနိုင်ပြီး ကာလလတ်တွင် ဆန်လက်ကျန်နည်းပါးသွားနိုင်သည်ဟု အခြားကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
Source: Asia Rice: Muted demand, weak rupee push India prices lower: The Economic Times: May 02 2026
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)