International News

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် ခွင့်ပြုပေးထားသည့် စားသုံးခွန်ကင်းလွတ်ခွင့်ကို ပြန်လည်ပြင်ဆင်သွားမည်

Last Updated:

ကုန်စည်များဝယ်ယူပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ခွင့်ပြုပေးထားသည့်စားသုံးခွန်ကင်းလွတ်ခွင့်ကို ပြန်လည်ပြင်ဆင်သွားရန် စီစဉ်လျက်ရှိပါသည်။

အဆိုပါသတင်းတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွာချိန်တွင် ၎င်းတို့ဝယ်ယူထားသည့်ပစ္စည်းများကို ၎င်းတို့နှင့်အတူ အမှန်တကယ်ယူဆောင်သွားကြောင်း အတည်ပြုပြီးနောက်မှသာ ဂျပန်အစိုးရအနေဖြင့် အခွန်ပြန်အမ်းငွေပြန်လည်ထုတ်ပေးမည့် အခွန်ကင်းလွတ်ခွင့်စနစ်ကို ပြောင်းလဲကျင့်သုံးရန် ဂျပန်အစိုးရနှင့် ဂျပန်နိုင်ငံ၏အာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီတို့က စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါစနစ်သစ်ကို မည်သည့်အချိန်တွင် စတင်ကျင့်သုံးမည့်အချက်အပါအဝင် စနစ်သစ်နှင့်စပ်လျဉ်းသည့် အသေး စိတ်အချက်အလက်များကို  ၂၀၂၄ ခုနှစ်၊ နှစ်ကုန်တွင် ထုတ်ပြန်မည့် ၂၀၂၅ ဘဏ္ဍာနှစ်၊ နှစ်စဉ်အခွန်စနစ်ပြုပြင်ပြောင်းလဲမှုစီမံချက်များတွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ပြည်တွင်း၌ သုံးစွဲသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးခွန်ကောက်ခံလျက်ရှိကြောင်း၊ ပြည်ပတွင် အသုံးပြုမည့်ကုန်စည်များကို စားသုံးခွန်ကင်းလွတ်ခွင့်ပြုလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းနှင့်သုံးစွဲခြင်းတို့အတွက် စားသုံးခွန်ကင်းလွတ်ခွင့်ရရှိမည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏အခွန်ကင်းလွတ်ခွင့်စနစ်မှာ စားသုံးခွန်ကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ ကုန်စည်များကို အခွန်မပါနှုန်းထားဖြင့်ဝယ်ယူခွင့်ရှိကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် အခွန်လွတ်ဈေးဆိုင်များတွင် နိုင်ငံကူးလက်မှတ်ပြသ၍ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ကြောင်း၊ နိုင်ငံခြားသားဧည့်သည်များအနေဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွာချိန်တွင် ၎င်းတို့ဝယ်ယူထားသည့်ကုန်စည်များအား အမှန်တကယ်ယူဆောင်သွားခြင်းရှိ-မရှိကို အခွန်လွတ် ဈေးဆိုင်များမှရရှိထားသည့် ဝယ်ယူမှုအထောက်အထားများပေါ်မူတည်၍ ဂျပန်အကောက်ခွန်အနေဖြင့် စစ်ဆေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သို့သော် နိုင်ငံခြားသားခရီးသွားဧည့်သည်များမှာ အကောက်ခွန်စစ်ဆေးမှုကို ခံယူခြင်းမရှိကြကြောင်း၊၂၀၂၂ ဘဏ္ဍာနှစ်တွင် တစ်ဦးလျှင် အနည်းဆုံး ယန်းသန်း ၁၀၀ တန်ဖိုးရှိ ကုန်စည်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဝယ်ယူခဲ့သည့် ခရီးသွားဧည့်သည် ၅၇ ဦးကို စစ်ဆေးခဲ့ရာ၌ ၁ ဦးသာလျှင် ဂျပန်နိုင်ငံပြင်ပသို့ ဝယ်ယူထားသည့်ကုန်စည်များ ယူဆောင်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကျန်ရှိသည့် ၅၆ ဦးအနက် ၅၅ ဦးမှာ အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း အခွန်မဆောင်ဘဲ နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ခြင်းကြောင့် အခွန်မဆောင်သည့်ပမာဏမှာ ယန်း ၁.၈၅ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် ဂျပန်အစိုးရနှင့် အာဏာရပါတီတို့အနေဖြင့် အခွန်ကင်းလွတ်ခွင့်စနစ်ကို ပြောင်းလဲလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များမှ ကုန်စည်များဝယ်ယူရာတွင် အခွန်ပါတွက်ချက်ပေးဆောင်စေပြီး၊ ဂျပန်နိုင်ငံမှ ၎င်းတို့အမှန်တကယ်ထွက်ခွာသည့်အချိန်မှသာ အကောက်ခွန်ဌာနတွင် အခွန်ပြန်အမ်းငွေထုတ်ယူနိုင်မည့်စနစ်သို့ ပြောင်းလဲလိုခြင်းဖြစ်ကြောင်းနှင့် အခွန်ပြန်အမ်းငွေကိုလည်း Credit Card (သို့မဟုတ်) Electronic Money တို့ဖြင့်ပေးအပ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Times

Category: International News