International News

နှောင့်နှေးလျက်ရှိသော လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်(FTA)ကို အပြီးသတ်ရန်နှင့် အဖွဲ့ဝင်နိုင်ငံအလိုက် ကုန်သွယ်ရေးဆိုင်ရာ ဦးစားပေးအချက်များကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် အိန္ဒိယစီးပွားကူးသန်းဝန်ကြီးပြောကြား

Last Updated:

မကြာသေးမီက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်၌ကျင်းပပြုလုပ်ခဲ့သော ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲ(BIMSTEC Business Summit)၏ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Shri Piyush Goyal က နှောင့်နှေးလျက်ရှိသော လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်(FTA)ကို အပြီးသတ်ရန်နှင့် အဖွဲ့ဝင်နိုင်ငံအလိုက် ကုန်သွယ်ရေးဆိုင်ရာဦးစားပေးအချက်များကို ပြန်လည်သုံးသပ်အကဲဖြတ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း India Business & Trade သတင်းဝက်ဘ်ဆိုက်မှ ယခုလ ၈ ရက်က ဖော်ပြသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါ FTA ကိစ္စရှေ့မတိုးဘဲ ရပ်တန့်နေရခြင်း၏နောက်ကွယ်မှ အကြောင်းရင်းများကို အကဲဖြတ်အဖြေရှာရန် လိုအပ်ကြောင်းနှင့် နိုင်ငံခုနစ်နိုင်ငံစလုံးနှင့်ကိုက်ညီသော အကြံပြုချက်များကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။

၂၀၂၄ ခုနှစ် ဘင်းမ်စတက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို အိန္ဒိယအစိုးရပြည်ပရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယစက်မှုအသင်းချုပ်(Confederation of Indian Industry-CII)တို့မှ ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်အစီအမံအနေဖြင့် ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီနှင့် စီးပွားရေးအသိုက်အဝန်းတို့မှ ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ဦးစားပေးကုန်သွယ်မှုသဘောတူညီချက်ကိုရှာဖွေရန်၊သို့မှသာ ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်မည်ဟု ဝန်ကြီးက အကြံပြုခဲ့သည်။ BIMSTEC နိုင်ငံများအကြား ကုန်သွယ်မှုသည် လက်ရှိတွင် နည်းပါးလျက်ရှိပြီး ကုန်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် နယ်စပ်ဖြတ်ကျော်ကုန်စည်များရွေ့လျားမှုတိုးတက်ကောင်းမွန်လာစေရန် ပိုမိုပေါင်းစည်းမှုနှင့် အပြုသဘောဆောင်သောတုံ့ပြန်မှုများလိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ကုန်သွယ်မှုလိုငွေပြမှုကိုလျှော့ချရန်၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်နည်းပညာကိုအသုံးပြု၍ အကောက်ခွန် လုပ်ငန်းစဉ်များပေါင်းစပ်ခြင်းအပါအဝင် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်စေရန်အစီအမံများစွာကို အဆိုပြုခဲ့သည်။ စီးပွားရေးလုပ်ဆောင်ရလွယ်ကူစေရန်အတွက် နယ်စပ်ထိန်းချုပ်မှုများကို ကွန်ပြူတာစနစ်များအသုံးပြုဆောင်ရွက်ခြင်းနှင့် သွင်းကုန်-ပို့ကုန်လျှောက်လွှာများကို ပိုမိုမြန်ဆန်စွာရှင်းလင်းဆောင်ရွက်ပေးခြင်းကို ထောက်ခံအားပေးခဲ့သည်။ ထို့အပြင် Shri Goyal သည် ထောက်ပံ့ရေးကွင်းဆက်များအားကောင်းရန်၊ အကောက်ခွန်နှင့်အကောက်ခွန်မဲ့အတားအဆီးများကို ဖယ်ရှားရန်နှင့် ချောမွေ့သော သယ်ယူပို့ဆောင် ရေးဆိုင်ရာ ဆက်သွယ်မှုအတွက် နိုင်ငံတကာစံနှုန်းများကို ချမှတ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

BIMSTEC ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မောင်းနှင်ရာတွင် ဒေသတွင်း startup များနှင့် စွန့်ဦးတီထွင်သူများ၏ အလားအလာကို မီးမောင်းထိုးပြခဲ့သည်။ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကိုပံ့ပိုးကူညီရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် ၀ယ်လိုအားမြင့်မားလျက်ရှိသော သမုဒ္ဒရာထွက်ကုန်များနှင့် ဖွံ့ဖြိုးတိုးတက်သော အပြာရောင်စီးပွားရေး(blue economy)ရှိပြီး၊အဏ္ဏဝါနှင့်ကမ်းရိုးတန်းဂေဟစနစ်များကိုကာကွယ်လျက် ဒေသတွင်း အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်ဖန်တီးမှုတို့ကို မြှင့်တင်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် စိုက်ပျိုးရေးနှင့်ဓာတ်သတ္တုထုတ်လုပ်မှုမြှင့်တင်ရာတွင် ဒေသတွင်းတန်ဖိုးကွင်းဆက်များ၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။

ပြည်တွင်းငွေကြေးများအသုံးပြုသော ကုန်သွယ်မှုကိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယင်းသို့ဆောင်ရွက်ရာဒေသတွင်းနိုင်ငံများကြား ဟန်ချက်ညီမှုရှိမရှိစစ်ဆေးရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ စီးပွားရေးအသိုက်အဝန်းမှ အကြံပြုချက်များသည် နိုင်ငံရေးခေါင်းဆောင်များအား အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ CII အနေဖြင့် အဆိုပြုထားသော သဘောတူညီချက်အပေါ်ဆွေးနွေးမှုများကို ဦးဆောင်ရန်နှင့်လာမည့်နှစ်ထိပ်သီးအစည်းအဝေးတွင် ၎င်းတို့၏အကြံပြုချက်များကို ပံ့ပိုး ပေးရန် တိုက်တွန်းခဲ့သည်။

သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်အတွက် FTA ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို စောစီးစွာနိဂုံးချုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Suchart Chomklip က BIMSTEC နိုင်ငံ ခုနစ်နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး၊စုစုပေါင်း GDP အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံရှိကာ နှစ်စဉ် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ကဏ္ဍပေါင်းစုံ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(BIMSTEC)တွင် အဖွဲ့ဝင်ခုနှစ်နိုင်ငံပါဝင်သည်- တောင်အာရှငါးနိုင်ငံ(ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် သီရိလင်္ကာ)နှင့် အရှေ့တောင်အာရှနိုင်ငံနှစ်နိုင်ငံ(မြန်မာနှင့် ထိုင်း)တို့ပါဝင်သည်။ အဆိုပါအဖွဲ့သည် BIMSTEC FTA ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်(FTA)ကိစ္စကို ညှိနှိုင်းနေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ အဆိုပါသဘောတူညီချက်အတွက် ဆွေးနွေးပွဲ ၂၂ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ကာ နောက်ဆုံးဆွေးနွေးပွဲကို ၂၀၁၈ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ BIMSTEC နိုင်ငံများနှင့် စုစုပေါင်းကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၂ ဘီလီယံရှိခဲ့သည်။အဖွဲ့အစည်းအတွင်း ထိုင်းနိုင်ငံသည် အိန္ဒိယ၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်တည်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌ကျင်းပပြုလုပ်ခဲ့သည့်  ဘင်းမ်စတက် စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

သို့ပါ၍ အဆိုပါဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Shri Piyush Goyal က နှောင့်နှေးလျက်ရှိသော လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်(FTA)ကိစ္စ အဖွဲ့ဝင်နိုင်ငံများအကြား သုံးသပ်အဖြေရှာရန်နှင့် အမြန်ဆုံးအပြီးသတ်ရန်၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ လွယ်ကူချောမွေ့စေရန်၊ အလုပ်လုပ်ကိုင်ရန် လွယ်ကူမှုရှိရန်၊ ပြည်တွင်းငွေကြေးများအသုံးပြုသောကုန်သွယ်မှုကို မြှင့်တင်ရန်နှင့်သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် ရန်တို့ကို အလေးပေးပြောကြားခဲ့ပါသည်။

ရည်ညွှန်း။          India Business & Trade, India urges BIMSTEC group members to relook proposed FTA, August 8, 2024    

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News