ထိုင်းနိုင်ငံသည် အမေရိကန်နှင့် အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို ယခုနှစ်ဆုံးပိုင်းတွင် အပြီးသတ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Suphajee Suthumpun က ပြောကြားခဲ့ပါသည်။
လွှတ်တော်သို့ တင်ပြခဲ့သည့် အစိုးရ၏မူဝါဒကြေညာချက်တွင် ဝန်ကြီးဌာန၏ အဓိကမူဝါဒများ ပါဝင်ပါကြောင်း၊ အမေရိကန်နှင့် အပြန်အလှန်အခွန်နှင့်စပ်လျဉ်းသည့်ပူးတွဲကြေညာချက်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင်အပြီးသတ်ခဲ့ပြီး ယခုနှစ်ဆုံးပိုင်းတွင် စာချုပ်ကို အပြီးသတ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ စာချုပ်တွင် ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဈေးကွက်ဝင်ရောက်နိုင်ရေး ပါဝင်ပါ ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ပြည်တွင်းစက်ရုံများနှင့် ဈေးကွက်ကို အပျက်သဘောထိခိုက်မှုများကို ရှောင်ရှားနိုင်ရေး ဦးတည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်သို့ တင်ပို့မည့် ကုန်စည်များအတွက် ပင်ရင်းနိုင်ငံစည်းမျဉ်းသက်သေခံလက်မှတ်ထုတ်ပေးခြင်းကို နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ပင်ရင်းများအတည်ပြုခြင်းကို AI အသုံးပြုခြင်းနှင့် ပိုမိုတင်းကျပ်သောအစီအမံများ ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ပို့ကုန်ကို အထောက်အကူပြုရန် ဥရောပသမဂ္ဂနှင့် ကိုရီးယားတို့နှင့် ဆွေးနွေးလျက်ရှိသည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များကို အပြီးသတ်လိုကြောင်း၊ အရှေ့အလယ်ပိုင်း၊ ဆော်ဒီအာရေဗျ၊ အာဖရိက၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့သို့ ဈေးကွက်သစ်များရှာဖွေနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ Anti-dumping၊ anti-circumvention နှင့် safeguard အစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များလွယ်ကူချောမွေ့စေရေးအတွက် တိုင်ကြားချက်တင်ပြသည့်ကာလကို ၄ လမှ ၁ လသို့ လျှော့ချပေးခြင်း၊ အချက်အလက်များစိစစ်မှုကို AI အသုံးပြုခြင်းနှင့် စစ်ဆေးသည့်ကာလကို ၁၂ လမှ ၉ လသို့ လျှော့ချပေးခြင်းတို့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အရည်အသွေးမမီသော သွင်းကုန်များနှင့် အမည်သုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွဲ့အစည်း ၁၆ ခုပါဝင်သော ပူးတွဲကော်မတီကို ဖွဲ့စည်းခဲ့ပြီး သွင်းကုန်အသေးစားများမှ တန်ဖိုးမြှင့်ခွန် ဘတ် ၂.၁၈ ဘီလီယံကောက်ခံရရှိခဲ့ပါကြောင်း၊ e-commerce ကို AI အသုံးပြု၍ စောင့်ကြည့်လျက်ရှိပြီး အမည်ခံလုပ်ငန်းများကိုလည်း တင်းကျပ်စွာနှိမ်နင်းလျက်ရှိကြောင်း၊ ကမ္ဘောဒီးယားနှင့်ဆက်စပ်နေသော ပြည်နယ် ၇ ခုမှ စီးပွားရေးလုပ်ငန်းများအတွက် တန်ဖိုးနည်း Blue-Flag ပြပွဲများ၊ အခြားသော ပြည်နယ်များရှိ ပြပွဲများမှတစ်ဆင့် ဈေးကွက်ဝင်ရောက်စေခြင်းနှင့် ထိုင်းစာတိုက်လုပ်ငန်းမှတစ်ဆင့် အွန်လိုင်းရောင်းချမှုများဆောင်ရွက်စေခြင်းဖြင့် အကူအညီပေးလျက်ရှိကြောင်း၊ Blue-Flag ပြပွဲ ၁,၃၀၀ ကျော် ကျင်းပရန်လျာထားပြီး လူနာများ ဆေးဝါးများကို ဆေးရုံပြင်ပတွင် ဝယ်ယူခွင့်ပေးပြီး မရှိမဖြစ်လိုအပ်သော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဈေးနှုန်းများကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း Ms. Suphajee က ပြောကြားခဲ့ပါသည်။
ရေတိုတွင် တောင်သူလယ်သမားများကို အထောက်အပံ့ပေးရန်အတွက် နောက်ကျရောင်းချရန် ချေးငွေပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသမဝါယမအတွက် ချေးငွေပေးခြင်း၊ ဆန်သိုလှောင်ရန် ဆန်ကုန်သည်များအတွက် ငွေဖြစ်လွယ်နှုန်းတိုးမြှင့်စေခြင်းနှင့် တောင်သူတစ်ဦးလျှင် ၁၀ ရိုင်အများဆုံးဖြင့် ၁ ရိုင်လျှင် ဘတ် ၁,၀၀၀ ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်နှင့်စပ်လျဉ်း၍ တရုတ်နှင့် အစိုးရမှ အစိုးရသို့ (G-to-G)ဆန်ရောင်းချရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စင်ကာပူနှင့် ကုန်သွယ်နိုင်ရေး ဆွဲဆာင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျကဲ့သို့သော ဈေးကွက်သစ်သို့ ဆန်တင်ပို့နိုင်ရေး တိုးချဲ့သွားမည်ဖြစ်ပြီး ဥရောပသို့ အော်ဂဲန်းနစ်ဆန်နှင့် အမေရိကန်သို့ စပယ်ဆန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)