International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြား တိုးတက်မှုရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထား

Last Updated:

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ယခင်ခန့်မှန်းချက် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြားထက် ကျော်လွန်၍ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြားရှိနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် နိုင်ငံ၏ကုန်သွယ်ရေးနှင့် ပို့ကုန်စွမ်းဆောင်ရည်များကို တိုးမြှင့်ရန် “Quick Big Win” ဗျူဟာကို ချမှတ်ထားပါကြောင်း၊ ယင်းဗျူဟာများကို အသုံးပြုခြင်းဖြင့် ပို့ကုန်သည် တိုးတက်လာနိုင်ကြောင်း၊ လစဉ်ပျမ်းမျှပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားသဖြင့် ၂၀၂၅ ခုနှစ်ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံသို့ ကျော်လွန်နိုင်ကြောင်း၊ လာမည့် ၄ လတာကာလအတွင်း ဦးစားပေးဆောင်ရွက်ချက်များအနေဖြင့် အမေရိကန်နှင့် အပြန်အလှန်အခွန်ဆိုင်ရာ သဘော တူညီချက်ကို အပြီးသတ်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်းများကို ပြင်ဆင်ခြင်း၊ ပွင့်လင်းမြင်သာမှုမြှင့်တင်ရန်နှင့် လွဲများသော တင်ပြချက်များကို ကာကွယ်ရန် ပင်ရင်းသက်သေခံလက်မှတ်ကို အလုံးစုံဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းတို့ဖြစ် ကြောင်း၊ အမေရိကန်အစိုးရလုပ်ငန်းစဉ်များ ရပ်တန့်သွားသော်လည်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးညှိနှိုင်းမှုများသည် အနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဝန်ကြီး Ms. Suphajee Suthumpun က ပြောကြားခဲ့သည်။

စတုတ္ထသုံးလပတ်အတွင်း ပို့ကုန်တိုးတက်ရန်မှာ ဝန်ကြီးဌာနအနေဖြင့် ရှိပြီးဖြစ်သော လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကို ပိုမိုအသုံးချခြင်းနှင့် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ တောင်အာဖရိက၊ အိန္ဒိယနှင့် ဗီယက်နမ်ကဲ့သို့သော ဈေးကွက်သစ်များရှာဖွေခြင်းအပြင် လုပ်ငန်းချိတ်ဆက်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ကုန်တွင် တောင်ကိုရီးယားနှင့် FTA ကို အပြီးသတ်ခြင်းနှင့် ၂၀၂၆ ခုနှစ် နှစ်စပိုင်းတွင် အီးယူနှင့် စာချုပ်အပေါ် အဓိကကိစ္စရပ်များကို အပြီးသတ်ရန်ဖြစ်ကြောင်း၊ နယ်စပ်ပဋိပက္ခကြောင့် ထိခိုက်သော ဒေသများရှိ နေထိုင်ကုန်ကျစရိတ်သက်သာစေရန် Blue Flag ပြပွဲများဆောင်ရွက်ပေးခြင်းနှင့် အသေးစားလုပ်ငန်းများအတွက် ပို့ဆောင်ရေးအထောက်အပံ့အဖြစ် ပါဆယ်တစ်ထုပ်လျှင် ဘတ် ၁၀၀ ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကဆေးရုံ ၁၀၀ ကျော်နှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ပေးချေမှု မဆောင် ရွက်မီ ဆေးဝါးဈေးနှုန်းများကို သိစေခြင်းဖြင့် ပြည်သူများအနေဖြင့် ဆေးရုံပြင်ပတွင် ဆေးဝါးဝယ်ယူနိုင်ရန် ရွေးချယ်မှုဆောင်ရွက်စေခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးခြင်းဖြင့် နှစ်စဉ် ဘတ် ၃၂.၄ ဘီလီယံသက်သာစေပြီး အစိုးရဆေးရုံများတွင် လူများပြည့်ကျပ်ခြင်းကို လျှော့ချစေပြီး ပုဂ္ဂလိကဆေးရုံများ၏ ဝန်ဆောင် မှုကို သုံးစွဲမှုမြင့်တက်စေရန်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တောင်သူများကို ထောက်ကူပေးရန်အတွက် နောက်ကျရောင်းချရန် အတိုးနှုန်းသက်သာသော ချေးငွေပေးခြင်း၊ တောင်သူအိမ်ထောင်စု ၄.၆ သန်းအတွက် ၁ ရိုင်လျှင် ဘတ် ၁,၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တရုတ်၊ ဂျပန်နှင့် စင်ကာပူတို့နှင့် ဆန်ဆိုင်ရာ စာချုပ်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းထုတ်ကုန်များ၏ တန်ဖိုးမြှင့်တင်ရန်နှင့် ယှဉ်ပြိုင်မှုကို ခိုင်မာစေရန်အတွက် ဈေးကွက်အသစ်များရှာဖွေပေးခြင်း၊ ချေးငွေများထောက်ပံ့ပေးခြင်းနှင့် Thailand Trust Mark နှင့် Thai Select ကဲ့သို့သော အရည်အသွေးသက်သေခံလက်မှတ်များ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးအစီအမံများကို အချိန်နှင့်တစ်ပြေးညီဖြစ်စေပြီး ဝယ်လိုအား၊ ရောင်းလိုအားလမ်းကြောင်းကို သုံးသပ်နိုင်ရန် AI ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်များသို့ ရောက်ရှိစေရေး e-commerce လမ်းကြောင်းများကို အသုံးပြုသွားမည်ဖြစ် ကြောင်း ဝန်ကြီး Ms. Suphajee က အစိုးရသက်တမ်းကာလအတွင်း ဆောင်ရွက်သွားမည့် ဝန်ကြီးဌာနမူဝါဒများအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News